Saturday, March 1, 2014

နှလုံးသား




.
သန်း ၆၀ အတွက် သပြေခက်ကိုက်ချီလာတဲ့
ခိုဖြူတွေတော့ မဟုတ်ပေဘူး
လူသားအားလုံးအတွက် ဘာဖြစ်ရမယ် ညာဖြစ်ရမယ်လည်း မဆိုပါဘူး
ငါတို့မြို့ရွာ ငါတို့အ၀န်းအ၀ိုင်းလေးအတွက်
ငါတို့တွေဟာ
အုတ်တစ်ချပ်တွေ  သဲတစ်ပွင့်တွေပါ
တစ်ချပ် … နောက်တစ်ချပ် … နောက်ထပ်တစ်ချပ် ကျောချင်းကပ် မြဲမြဲရပ်
တစ်ပွင့် … နောက်တစ်ပွင့် … နောက်ထပ်တစ်ပွင့် လက်ချင်းချိတ် မြဲမြဲတွဲ
ဒီလိုနဲ့ .. ငါတို့ လုပ်နိုင်ခဲ့ပြီ။

အခြားသူတွေရဲ့ မျက်ရည် ငါတို့မျက်ဝန်းတွေက ကူကျပေးပါ့မယ်
အခြားသူတွေရဲ့ သောကပရိဒေ၀ ငါတို့ ရင်ဆီးခံပေးပါ့မယ်
တစ်ဖက်သောလက်ကိုဆန့်တန်း ကူညီဖို့ အသင့်ကမ်းထားပါ့မယ်
ကျန်တစ်ဖက်ကို ဖွဖွဆုပ် မျက်ရည်သုတ်ပေးနိုင်ဖို့ ငါတို့ကြိုးစားပါ့မယ်
ရွေးမြစ်ကိုသက်သေအရာထား ဒီသစ္စာစကား ငါတို့ဆိုတယ်။

ငါတို့တွေဟာ
အုတ်တစ်ချပ်တွေ  သဲတစ်ပွင့်တွေပါ။                

                                                                  ကိုကြည်နိုင်
____________________________________________
24-25/2/2014 တွင် လပွတ္တာမြို့ ``နှလုံးသား (အခမဲ့) ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့´´ ၏ သွေးလှူဂုဏ်ပြုပွဲအတွက် ရေးဖွဲ့ရွတ်ဆိုခဲ့သောကဗျာ ဖြစ်ပါတယ်။

Tuesday, December 10, 2013

ငါတို့မြို့လေးရဲ့ ပြတိုက်ထဲမှာ ရိုးသားမှုတွေရှိတယ်




မြောက်ပြန်လေက ဆောင်းတွေကို ထိုးခွဲသုတ်သင်သွားသလိုပ
ငါတို့မြို့လေးမှာ နှင်းတွေမမြင်ရတာကြာပြီ
တိမ်တစ်အုပ်နဲ့ ဆုတ်ခွာသွားတဲ့ မုတ်သုန်ရေ
လောဘမီးတွေနဲ့ ခပ်မို့မို့တည်ဆောက်
ဟုန်းဟုန်းတောက်နေတဲ့ မြို့လေးဆီ
ရောက်ရာအရပ်က ပြန်ကွေ့ပြီး
ဒီအရပ်လေးပေါ်သွန်ချ ရသလောက်လေး အေးပါစေဦး။

ဒီဇင်ဘာမပီသတော့တဲ့ ဒီဇင်ဘာရေ …  
ငါ့မွေးရပ်မြေကို ကယ်တင်တယ်လို့ သဘောမထားပဲ
ကိုယ့်ဂုဏ်သိက္ခာ ကိုယ်ဆယ်တယ်လို့ သဘောထားပြီး
လွမ်းရင်လိုက်လာခဲ့ … လို့တောင် မှာမသွားတဲ့နှင်းတွေကို ပြန်ခေါ်
တစ်မျှော်တစ်ခေါ် အတိတ်တွေတုန်းကလို ပိန်းပိတ်အောင် ဖြူမနေလည်း
အဲဒီအဖြူရဲ့ အဖြူတစ်ဝက်လောက်ဖြစ်ဖြစ်
ငါ့မြို့လေးပေါ်ဆွတ်ဖြန်း ပြန်ရိုးသားစမ်းပါစေ။

ကိုကြည်နိုင်
10. 11. 2013 ( ည ၁၂ နာရီ ၇ မိနစ် )

Monday, June 10, 2013

တကယ်လေတိုက်ရင် တကယ်လည်တယ်




(၁)

ကတ္တရာလမ်းနက်နက်ရဲ့ ကျောပေါ်မှာ တံလျှပ်တို့ကို တနင့်တပိုးထမ်းပိုးထားရချိန်။ လမ်းမပေါ်မှာ လူမပြောနဲ့ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင်မှ အထူးတလည်ကိစ္စမရှိပါပဲ ဖြတ်သန်းသွားလာဖို့ ဆန္ဒမရှိတဲ့အချိန်။ ပူပြင်းလှပေစွ။ လမ်းတလျှောက်မှာလည်း ကြီးကြီးမားမား အရိပ်ခိုစရာအပင်ဆိုလို့ နတ္ထိ။ ရှိစုမဲ့စု အပင်လေးတစ်ပင်တစ်လေတောင်မှ သူ့အရွက်တွေကို တအီအီခါချနေလိုက်တာ ရိုးတံနဲ့ငေါငေါ။ တဖြည်းဖြည်း မြို့ပြပိုဆန်ဆန်လာတဲ့ တောမြို့လေးဟာ အခြားမြို့ပြတွေလိုပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်စီဂျင်နဲ့ အချိုးကျ ရောနှောရှူရှိုက်။ မြစ်ပြင်ကို ဖြတ်တိုက်လာရတဲ့ လေအေးအေးတွေလည်း ရရာမြေနေရာလေးပေါ် တစ်ထပ်ပြီးတစ်ထပ် တင်ဆောက်လာရတဲ့ မိုးတိုးမတ်တပ် အဆောက်အဦတွေကို မကျော်နိုင်တော့ မြစ်ပြင်ထဲကလေ မြစ်ပြင်ထဲမှာသာ အေးမြခွင့်ရနေတော့တယ်။ မြို့ကလေးပေါ်ထိ၊ လမ်းတွေပေါ်ထိ ခြေချခွင့်မရနိုင်တော့။ 

အရင်က ရှိခဲ့ဖူးတဲ့ လမ်းဘေးရေအိုးစင်လေးတွေသော်မှ အခုမရှိတော့။ အုန်းမှုတ်ခွက်ကို လက်ကိုင်ရိုးတပ်ထားတဲ့ ရေအိုးစင်လေးတွေအစား သံကြိုးတည်းနှောင်ထားခံရတဲ့ ပလတ်စတစ်ခွက်တွေ နေရာယူလာ၊ နောက် .. သောက်ရေအိုးကိုပါ တံခါးပိတ်၊ သော့ခတ် အကျဉ်းချထားရ။ နောက်တော့ … ရေအိုးစင်လေးတွေ ရှားပါး ပျောက်ကွယ်လာ။ ရာသီဥတု ဖေါက်ပြန်ပျက်ယွင်းခြင်း၊ လူတွေရဲ့ ဗြဟ္မစိုရ်တရား ခေါင်းပါးလာခြင်းဒဏ်တွေအောက် မြို့ကလေးဟာ ပြားပြားမှောက် ဖွံ့ဖြိုးနေဆဲ။ အမြီးနဲ့ ခေါင်း ကျက်တာအရင်စားမယ်ဆိုတဲ့ လူ့အန္ဓတွေ ပိုပိုများလာတဲ့မြို့လေး၊ ပရထက် အတ္တကို ပိုပိုပြီး မွေးမြူလာတဲ့ မြို့လေး။ အထဲမှာဗလာကျင်းနေတဲ့ ခေါင်းကိုမော့၊ နှလုံးသားမရှိတော့တဲ့ ရင်ဘတ်ကြီးကို ကော့ကော့ပြီး မြို့ကြီးပြကြီးဟန်ဆောင်နေပေမယ့် တစ်ချိန်တုန်းက သူ့ရဲ့ရိုးသားမှု၊ အေးဆေးမှု နဲ့ မြို့ပြမဆန်တဲ့ အလှအပတွေကို သူကိုယ်တိုင် ပြန်လွမ်းနေရတဲ့မြို့လေး။ 

အပူချိန်က တရိပ်ရိပ်နဲ့ တက်တက်လာပြီ။ နွေလယ်နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်ကိုရောက်လာခဲ့ပြီ။ မကြာခင်မှာပဲ ဒီလမ်လေးပေါ်မှာ တံလျှပ်တွေအလိမ်းလိမ်းကြားမှာ တရွေ့ရွေ့လျှောက်လာတဲ့ သူ့ကို တွေ့ကြရတော့မယ်။ သေချာတယ် သူ စာသင်ကျောင်းတွေဖက်က ပြန်လာတာ။ အခုအချိန်ဆိုရင် စာသင်ကျောင်းတွေမှာ မုန့်စားလွှတ်ပြီးလို့ ကျောင်းပြန်ခေါ်နေပြီ။ ဆိုတော့ .. သူ့အလုပ်ဘာမှ မရှိတော့။ ကျောင်းပြန်ခေါ်ချိန်ရောက်ပြီ ဆိုတာနဲ့ လမ်းတကာပေါ် သူလျှောက်သွားနေပြီ။ ဘယ်လမ်းတကာကို ဘယ်လိုပဲ သူလျှောက်သွားသွား ခုလိုအချိန်ဆိုရင် ဒီလမ်းလေးကိုတော့ သူရောက်ရောက်လာမြဲ။ ဘာကြောင့် ဒီအချိန်တိုင်း ဒီလမ်းကလေးပေါ်ကို ရောက်ရောက်လာပါသလဲလို့ သူ့ကိုသွားမေးရင် “ဒီလမ်းလေးက ဆင်းရဲတယ်လေကွာ။ ငါ့အလုပ်နဲ့တော့ ကွက်တိပေါ့ကွ။ နောက် .. ငါ့မိတ်ဆွေလေးတွေက ဒီအချိန်ဆိုရင် လမ်းပေါ်ရောက်နေကြပြီ။ တခြားမှာဆိုရင် ဒီအချိန် လမ်းပေါ်လူမရှိဘူး။” လို့ အသေအချာဖြေလိမ့်မယ်။

မြို့လေးရဲ့ လမ်းတကာပေါ်မှာ သူ့ကိုတွေ့တွေ့နေရတယ် ဆိုပေမယ့်လို့ တိုက်မြင့်မြင့်ကြီးတွေရဲ့ အခန်းကျဉ်းလေးတွေထဲ အဲကွန်းသံတ၀ီဝီအောက် ကိုယ့်ဘာသာ အကျဉ်းကျနေတဲ့ “လူချမ်းသာ” ဆိုသူတွေသာနေတဲ့ မြို့လယ်လမ်းမကြီး တွေ ပေါ်မှာတော့ သူ့ကို တွေ့ရခဲတယ်။ တကယ်လို့သာ ဘာကြောင့် အဲဒီလမ်းတွေပေါ် အလာကျဲသလဲလို့ သူ့ကိုမေးကြည့်ရင် “ငါ့အလုပ်နဲ့ မကိုက်ဘူးလေကွာ။ သူတို့ ငါ့ကိုစိတ်ဝင်စားမှာ မဟုတ်ပါဘူး။” လို့ဖြေမှာပါပဲ။ သူ့အလုပ်ကလည်း အဲဒီလို။ သူ့မိတ်ဆွေဆိုသူတွေက သူ့ကိုစိတ်ဝင်စားပါမှ အဆင်ပြေမှာဆိုတော့ သူအဆင်မပြေတဲ့ လမ်းတွေဆိုရင် သိပ်မရောက်ဖြစ်။ လုံးဝမရောက်တာတော့လည်းမဟုတ် တစ်ခါတရံ အဆင်ပြေလိုပြေငြား ရောက်လာတဲ့အခါလည်း ရှိတယ်။ အဆင်ပြေသည်ဖြစ်စေ၊ မပြေသည်ဖြစ်စေ လမ်းတကာပေါ်မှာတော့ သူ့ကို မပျက်မကွက် တွေ့တွေ့နေရမှာပဲ။ “နေပူတယ် မိုးရွာတယ်ဆိုတာ သဘာဝတရားကြီးက လုပ်နေတာလေကွာ။ ငါမှ သဘာဝတရားကြီးကို မထိမ်းနိုင်တာ နေပူမိုးရွာ ဘယ်ရှောင်နိုင်ပါ့မတုန်း။ လမ်းပေါ်ထွက်မှ ဖြစ်မှာဆိုတော့ ထွက်ရတာပါပဲကွာ။ အဆင်ပြေလားဆိုတော့ … အင်း … အဆင်ပြေပါတယ်။ မြို့လေးမှာ ငါ့ကိုစိတ်ဝင်စားတဲ့၊ ငါ့ကို နေ့စဉ်မျှော်နေတဲ့ ငါ့မိတ်ဆွေတွေ အမြဲ ရှိတယ်လေကွာ။ အဆင်ပြေတယ် ဆိုပါတော့။” သူနဲ့ အေးအေးဆေးဆေး စကားထိုင်ပြောဖြစ်သူတိုင်းကို ဖြေနေကျ သူ့အဖြေ။



(၂)


လျှပ်စစ်စကားပြောခွက်ကို ခါးမှာချိတ်ချိတ်ပြီး ဟိတ်ဟန်ထုတ်တတ်တဲ့မြို့လေးဟာ အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ သူ့ကမ်းပါးတလျှောက် ဘာပင်မှ ဟုတ်ဟုတ်ငြားငြား မရှိတော့တဲ့ ၀တ်လစ်စလစ်မြစ်ကလည်း အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ မြို့လေးရဲ့ ရှေ့မီနောက်မီ ပုဂ္ဂိုလ်များကလည်း အရင်တုန်းက မြို့လေးကို လွမ်းသတဲ့။ ဘယ်သူတွေဘယ်လိုပဲ နောက်ကြောင်းပြန်လွမ်းလွမ်း ဖလင်တစ်ချပ်ပေါ်က ဇာတ်ကွက်တစ်ခု မဟုတ်တော့လည်း ရုပ်ရှင်ကားတွေလို အဖြူအမည်းနဲ့ နောက်ကြောင်းပြန် ပြလို့မရတော့တဲ့မြို့လေး။ ဘာပဲဖြစ်ဖြစ် နဂိုရည်ပျက်ခဲ့ပေမယ့် အပျိုစင်တစ်ယောက်လို စတိုင်ထွားနေဆဲမြို့လေး။ ဒီမြို့လေးမှာ တဖြည်းဖြည်း များများလာတာက လူ့မလိုင်ရေပေါ်ဆီများ။ တဖြည်းဖြည်း ရှားရှားလာတာက ဗြဟ္မစိုရ်တရားနဲ့ ငါးပါးသီလ။ တဖြည်းဖြည်း ထွားထွားလာတာက လျှင်သူစားစတမ်းဓလေ့။

သူဟာ ဒီမြို့သားစစ်စစ်ပါလို့ အမြဲပြောလေ့ရှိတယ်။ မြို့လေးရဲ့အပြောင်းအလဲကိုလည်း သိပ်စိတ်ဝင်စားပုံမရ။ သူသိတာက ဒီမြို့လေးရဲ့ လမ်းတစ်ချို့မှာ သူ့ကိုနေ့စဉ်မျှော်နေတဲ့ သူ့မိတ်ဆွေတွေရှိတယ်။ ဆိုက္ကားဂိတ်၊ ကားဂိတ်တွေမှာ သူ့အလုပ် ခဏတာနားတုန်း စကားလက်ဆုံကျမယ့် သူ့အသိတွေရှိတယ်။ ညနေအလုပ်သိမ်းချိန် သူပြန်စရာ မြို့လေးနဲ့ အောက်ဖက်ရွာတွေ ဆက်သွယ်ထားတဲ့ မြေသားတာဘောင်ဘေးက ၀ါးတဲလေးရှိတယ်။ (အိမ်သူ နဲ့ သားသမီးတွေတော့ မရှိဘူးလို့ သူ့အပြောအရသိရတယ်။) ဒီလောက်နဲ့တင်ပဲ ဒီမြို့လေးက သူ့အတွက် နေချင့်စဖွယ်ဖြစ်နေတော့ပုံ။ “ငါလား .. ဒီမြို့လေးကို ချစ်တာပေါ့။ ငါ့မြို့လေးပဲ။ အဲ … မြို့လေးကတော့ ငါ့ကို အရင်ကလောက် မချစ်တော့ဘူးထင်ပါရဲ့။ နည်းနည်းများ စိမ်းလာသလားလို့”  ဆိုက္ကားဆရာတွေ၊ ကားသမားတွေနဲ့ စကားထိုင်ပြောဖြစ်တဲ့ တစ်ခါတရံမှာတော့ သူ့ဆီက စိတ်မကောင်းသံလား၊ သံဝေဂသံလား စွက်နေတဲ့ ဒီစကားကို မကြာခဏ ကြားရလေ့ရှိတယ်။

တစ်ခါတစ်ခါ စိတ်လိုလက်ရရှိနေချိန်တွေမှာတော့ “တို့ငယ်ငယ်တုန်းကများဆိုရင် ဒီမြို့လေးဟာ … ” အစချီတဲ့ နောက်ကြောင်းပြန်အလွမ်းတွေက ဖြတ်ကနဲ ပြိုဆင်းလာတတ်တယ်။ အဲဒီလို ..  မြို့လေးရဲ့တစ်ခါက အခင်းအကျင်းကို ပြန်ပြန်ပြောတိုင်း သူပြောလေ့ရှိတာက “အခုနောက်ပိုင်းတွေမှာ တို့မြို့လေးလည်း ဘာတွေဖြစ်လာတယ် မသိပါဘူးကွာ။ လူတွေက တဖြည်းဖြည်း ကဏန်းတွေနဲ့ ပိုတူလာတယ်။ ကဏန်းတွေကို ပုံးထဲထည့်ထားသလိုပေါ့။ တစ်ကောင်က သူ့လွတ်မြောက်လမ်းအတွက် တွယ်တက်သွားလိုက်၊ နောက်တစ်ကောင်က အောက်ကနေ ဆွဲချလိုက်။ ဒီလိုနဲ့ ဘယ်ကဏန်းမှ မလွတ်မြောက်တော့ဘူး။ ဒီကလူတွေလည်း အဲဒီလိုဖြစ်နေတယ် ထင်တာပဲ။”  

နောက် သူ့ဘ၀တလျှောက်လုံး ပင်ပင်ပန်းပန်းနဲ့ ဆင်းတောင့်ဆင်းရဲ ရှာဖွေစားသောက်လာရတာဆိုပေမယ့် သူ့ကိုယ်သူတော့ ဂုဏ်ယူတယ်ဆိုပဲ။ “ငါ .. ဒါလေးတွေလုပ်တတ်တယ်။ ဒါလေးတွေကို ရောင်းပြီး ၀မ်းရေးဖြေရှင်းတယ်။ တစ်ခါမှ ဖြတ်စား၊ ခုတ်စား၊ လိမ်ညာစားတဲ့အလုပ် ငါမလုပ်ခဲ့ဖူးဘူး။ ငါကျိန်ပြောရဲပါတယ် .. ခုအသက်အရွယ်ထိ ငါစားခဲ့တဲ့ ထမင်းလုတ်တိုင်းအတွက် ငါ့လိပ်ပြာ ငါလုံတယ်။” ဆိုတာကို တရှိုက်မက်မက် သူပြောခဲ့ဖူးတယ်။ သူပြောချင်တာတွေပြော၊ သူ့ခံစားချက်တွေဖွင့်ထုတ်၊ သူ့ရဲ့ မြို့လွမ်းချင်းတွေ ချပြပြီးရင်တော့ သူ့လုပ်ငန်းခွင်ရှိရာ နေပူပူအောက်၊ သို့မဟုတ် မိုးစိုစိုအောက် တရွေ့ရွေ့ ထွက်ခွာသွားမြဲ။ သူထွက်ခွာသွားပြီဆိုတာနဲ့ …

 “ဓါတ်ခဲမလို၊ လျှပ်စစ်မလို၊ ဘက်ထရီအိုး မလိုဘူးနော် .. တကယ်လေတိုက်ရင် တကယ်လည်တယ်။ … …. တကယ်လေတိုက်ရင် တကယ်လည်တယ် …      တကယ်လေတိုက်ရင် ….   ….       …. ”
ဆိုတဲ့ သူ့အသံက သူ့နောက်ပါးမှာ ဝေ့ကာဝဲကာ ကျန်ခဲ့မြဲ။

ရောင်စုံစက္ကူလေးတွေကို စင်္ကြာလေးတွေချိုးပြီး အဲဒီစက္ကူစင်္ကြာလေးတွေကို ငှက်ပျောတုံးတစ်တုံးမှာထိုးစိုက်၊ပြီးတော့ ပုခုံးပေါ်ထမ်း၊ တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ ကလေးကစားစရာစင်္ကြာလေးတွေကို နှုတ်ရွှင်ရွှင် အာသွက်သွက်နဲ့ လိုက်လံရောင်းချနေတဲ့ အဖိုးအိုရဲ့ အသံကြားတိုင်း “တကယ်လေတိုက်လို့ တကယ်လည်သွားရတာက ကျုပ်ပါဗျာ။ ခင်ဗျားကတော့ တစ်ဘ၀လုံး မုန်တိုင်းမိလာတာတောင်မှ လိပ်ပြာလှနေတုန်းပါ။ ကျုပ်မှာသာ …” ဆိုတဲ့အတွေးနဲ့ ကိုယ့်လိပ်ပြာ ကိုယ်မလုံတဲ့  မြို့လေးက အဖိုးအိုနဲ့ သူ့ရဲ့ တဖျပ်ဖျပ်လည်နေတဲ့ စင်္ကြာလေးတွေကို ရှက်ဝဲ၀ဲ ငုံ့ကိုင်းကြည့်နေမြဲ။




                                                                                                                                                    ကိုကြည်နိုင်



Saturday, March 2, 2013

စင်တော်ဖွင့်အမီ

.

.

ကြည့်စမ်းပလေ
မြို့ကလေးပေါ်
ချယ်ရီတွေ ကြွေကျ .. လှနေလိုက်တာများ
ကော်ဇောနီခင်းထားတဲ့ မင်းခမ်းမင်းနားအတိုင်း
 .

ကြည့်စမ်းပလေ
နေရောင်ခြည်က တိမ်အထုထုကို ထိုးဖေါက်
အနူးညံ့ဆုံး ပြိုကျနေလိုက်တာများ
မြို့ကလေးဟာ ၀င်းရှင်းတောက်ပ
ရွှေရည်နဲ့ သ ထားတဲ့အတိုင်း
 .

ကြည့်စမ်းပလေ
ကြယ်လေးတွေ တစ်စင်းပြီးတစ်စင်း ခုန်ချ
ပင်လယ်မှာ စံပယ်တွေ ပွင့်ပွင့်နေလိုက်တာများ
ရင်ထဲ ဒုတ်ဒုတ်ထိ မွှေးတော့မယ့်အတိုင်း
 .

ကျွန်တော့် စိတ်ကူးထဲက ဒီမြို့ကလေး
ကျွန်တော့် ညီအစ်ကိုတွေဆီထိ
ကောင်းကင်ယံကို ချဉ်းနင်းထိုးဖေါက်
လက်ဆောင်ထုပ်အဖြစ် ရောက်သွားစေချင်လိုက်တာ
 .

သူတို့  … ကျောင်းမတက်ရဘူးတဲ့
သူတို့ … အစား မှန်မှန်မစားရဘူးတဲ့
သူတို့ … မကျန်းမာလည်း ဆေးမရှိဘူးတဲ့
.

မေမေရယ်
လောကကြီးတစ်ခုလုံး
ရွှေဖြစ်အောင် မပြုံးနိုင်တဲ့အဆုံး
နေလုံး မကွယ်အောင်လေးတော့ ကြိုးစားပေးသင့်တယ်မဟုတ်လား။

.
.

ကိုကြည်နိုင် (၁. ၃. ၂၀၁၃)

.

Thursday, January 10, 2013

ကျနော်နှင့် အွန်လိုင်းစာပေ ဆွေးနွေးပွဲ




ဒီကနေ့ (၁၀.၁.၂၀၁၃) မှာကျင်းပဖြစ်ခဲ့တဲ့ ပွဲလေးပါ။ “အွန်လိုင်း စာပေဆွေးနွေးဝိုင်း” လို့စီစဉ်သူများက ခေါင်းစဉ် တပ်ထားပါတယ်။ ဆရာ အိပ်မက်ရှင်၊ ဆရာမ နန်းအင်္သခယာ၊ ဆရာမ မြသွေးနီ၊ ဆရာ ရတုသစ်တို့ ဦးဆောင် စီစဉ်တဲ့ ပွဲလေးရဲ့ ပထမနေ့အဖြစ် ကျနော့်ကို မေးခဲ့ကြတဲ့ မေးခွန်းတွေနဲ့ ကျနော့်အဖြေများပါ။ ကျနော့်ဘ၀ရဲ့ မှတ်တိုင်တစ်ခုအဖြစ် (စီစဉ်သူများရဲ့ ခွင့်ပြုချက်ကို ယူပြီး) ဒီနေရာမှာ ပြန်တင်လိုက်တာပါ။

================================

Nan Athinkhayar
- ဆရာရောက်ပြီဆိုတော့ ..ဆွေးနွေးပွဲလေး စပါတော့မယ်။ အရင်ဆုံး ပရိသတ်တွေကို ဆရာနဲ့ မိတ်ဆက်
ပေးလိုပါတယ်။ ဆရာ ကိုကြည်နိုင် မင်္ဂလာပါ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ။

Nan Athinkhayar
-  ဆရာ့ကို အရင်ဆုံး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဆရာ့ရဲ့ လက်ရှိရေးဖြစ်နေတဲ့ ဆိုက်လေးတွေနဲ့ ပရိသတ်သိအောင် ပြောပြပေးပါဦးဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ပါ အားလုံးအတွက် ကျနော်သိသလောက်လေးပြောပြမှာပါ။

ရတု သစ်
- မင်္ဂလာပါဗျာ အားလုံးကိုလည်းတစ်ဆက်တည်းပြောပါရစေ..မင်္ဂလာပါ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ကျနော်လက်ရှိရေးနေတာက www.kknaing.com မှာပါ။နောက် www.lptmagazine.net  ရသကမ်းခြေ
(လပွတ္တာ အွန်လိုင်းမဂ္ဂဇင်း) ၊ www.mghtinlibrary.com ကိုလည်း တာဝန်ယူပေးထားရပါတယ်။

Nan Athinkhayar
- ဟုတ်ကဲ့။ ဆရာ့ခေါင်းစဉ်လေးက ကျနော့်ကို ကဗျာရေးဖြစ်စေခဲ့သော ကဗျာများ အကြောင်း...နော်။ ခေါင်းစဉ်က
စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။ ကျမတို့လို ကဗျာကို စိတ်ဝင်စားသူတွေ အဖို့ ဆွေးနွေးလို့ကောင်းမယ့် ခေါင်းစဉ်လေးပါပဲ။ အဲဒီ့ခေါင်းစဉ်လေး တွေးမိပုံကိုလည်း ပြောပြပေးပါဦးဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဒီလိုပါ ကျနော်က ကဗျာကိုအရမ်း အားနည်းပါတယ်။ ဒီလိုအားနည်းပေမယ့် ကျနော့်ကို ရေးဖြစ်အောင်တွန်းပို့တဲ့
ကဗျာလေးတချို့အကြောင်း ပြောချင်လို့ပါ။ ကျနော်ဟာ ကဗျာဆရာတစ်ယောက်မဟုတ်ပါ။ ၀တ္ထုရေးတာကို
သာပိုပြီးအားသန်တဲ့ ၀တ္ထုတိုဝါသနာရှင်တစ်ယောက်ပါ။ ကဗျာနဲ့ပတ်သက်ရင် ကျနော်အားနည်းပါတယ်။ ကဗျာ
ဖတ်သူ၊ ကဗျာချစ်သူတစ်ယောက် ဆိုပါတော့။ အခုဒီပွဲလေးမှာကဗျာနဲ့ပတ်သက်တဲ့ အတတ်ပညာအကြောင်းကို
ကျနော်ဆွေးနွေးလိုရင်းမဟုတ်ပဲ ကဗျာနဲ့ ပတ်သက်တဲ့ ကျနော့်ရဲ့ (တစ်ကိုယ်စာ စိတ်ခံစားမှု) ပဲ ဦးတည်ဆွေးနွေး ချင်တာပါ။

ရတု သစ်
- ဟုတ်ကဲ့ဗျာ ။။ဒါပေမယ့် ကိုကြည်နိုင်ရေးထားတဲ့ထဲမှာကဗျာတွေလည်းတွေ့ရတယ်လေ။ ကဗျာတစ်ပုဒ်
ကိုဘယ်လိုချဉ်းကပ်ပြီးမှရေးဖြစ်တယ်ဆိုတာလေး သိချင်ပါတယ်ဗျာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ပါ။ ကဗျာတစ်ပုဒ်ကို ကျနော့်ပတ်ဝန်းကျင်မှာ လတ်တလောမြင်တွေ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုဟာ
မရေးရမနေနိုင်အောင် ဖြစ်စေတဲ့အခါမျိုးမှာမှ ကျနော်ရေးနိုင်ပါတယ်။ ဘာကိုရေးမှပဲဆိုတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်ရေး
တာမျိုးကို ကျနော်မရေးနိုင်ပါဘူးခင်ဗျာ။  စိတ်ထဲကအရမ်းဆာလောင်လာချိန်မှ အလိုလိုရလာတာမျိုးကိုသာ
ကျနော်ကအားသန်ပါတယ်။ အတတ်ပညာအားနည်းတယ်ဆိုပါတော့ခင်ဗျာ။

Nan Athinkhayar
- ဟုတ်ကဲ့ဆရာ ..။ ဆရာ့ရဲ့ တစ်ကိုယ်စာ စိတ်ခံစားမှုဆိုတာလေးကို မျှဝေပေးပါဦး ဆရာ။

Nan Athinkhayar
- သြော် ..ဆရာဆိုလိုချင်တာက ကျမတို့မှာတစ်ခါတစ်ရံ စိတ်ခံစားမှုတွေဖြစ်လာတတ်တယ်။ ပတ်ဝန်းကျင်ကြောင့်
ပဲဖြစ်ဖြစ်.. တစ်စုံတစ်ရာရဲ့ လှုံ့ဆော်မှုကြောင့်ဖြစ်ဖြစ် ..ဆရာဆိုလိုတာ အဲဒါမျိုးဖြစ်မယ်ထင်ပါတယ်။

ရတု သစ်
- ဒါဆိုဆရာအနေနဲ့ ၀တ္ထုတိုရေးတဲ့နေရာမှာရော အဲဒီလိုပဲဆာ လောင်မှရေးဖြစ်တာလားသိပါရစေဗျာ။ ကဗျာနဲ့
ပတ်သက်ပြီးဆရာပြောသွားတာကိုလက်ခံပါတယ်ဗျာ

Nan Athinkhayar
- ကျမလည်း . အဲဒီလို စိတ်ခံစားချက်တွေ မကြာခဏရှိတတ်ပါတယ်။ စာရေးသူတစ်ယောက်အတွက် လှုံ့ဆော်မှု
တစ်မျိုးပါပဲဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ ၀တ္ထုတိုကိုတော့ အများအားဖြင့် ဖြစ်ရပ်လေးတစ်ခုကိုအစီအစဉ်ချပြီးမှ ရေးဖြစ်တာများပါတယ်။ ကျနော်
ဘာပြောချင်တယ်။ဘယ်ပြောပြမယ်ပေါ့။ အဲဒီလိုလေး ရေးလေ့ရှိပါတယ်ခင်ဗျာ။ ဘာမှစီစဉ်မထားပဲ လက်
တန်းရေးချလိုက်တာမျိုး ကျနော်မလုပ်နီုင်ပါဘူး။

Nan Athinkhayar
- ဒါဆို ဆရာ့ခေါင်းစဉ်လေးအတိုင်း .. ကဗျာေ၇းဖြစ်စေတဲ့အကြောင်းလေးကို ပြောပြပေးပါဦးဆရာ။ ဘယ်လို
အခြေခံအကြောင်းလေးဖြစ်ရပ်လေးကြောင့် ဆရာ ကဗျာရေးဖြစ်ခဲ့တာလဲရှင့်။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ပါ ၀တ္ထုတို အားသန်သူတစ်ယောက်အနေနဲ့ ကျနော်တို့ ရေးနေတဲ့ စာမျက်နှာ ၅ မျက်နှာ သို့မဟုတ် ၆
မျက်နှာလောက်ရှိတဲ့ ၀တ္ထုဇာတ်လမ်းတစ်ခုကို ကဗျာက တစ်ကြောင်း/ နှစ်ကြောင်းတည်းနဲ့ ပြည့်စုံအောင်
ပြနိုင်တယ်။ အဲဒီလိုကဗျာလေးတွေကကျနော့်ကို ကဗျာရေးဖြစ်စေခဲ့ပါတယ် ဆိုရပါမယ်။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ကျနော် ကဗျာလေးတစ်ပုဒ် ထုတ်ပြပါ့မယ်။ ၂၀၀၁ ခုနှစ်တုန်းကကဗျာလေးတစ်ပုဒ်ပါ။ ကဗျာဆရာ
မောင်ကောက်ရဲ့``အကြီးစားသစ္စာ´´ လို့အမည်ရတဲ့ကဗျာလေးပေါ့။ ကျနော်တို့ သိခဲ့ဖူးတဲ့ မောင်ပေါက်
ကျိုင်းရာဇ၀င်ဇာတ်လမ်းပါပဲ။အဲဒီဇာတ်ကြောင်းရှည်ကြီးကို ကဗျာဆရာမောင်ကောက်က ဒီလိုဖွဲ့ပြသွားတယ်။

Nan Athinkhayar
- ဒါပေါ့ဆရာ .. ကဗျာဆိုတာ တစ်ကြောင်းတည်းနဲ့လည်း အဓိပ္ပါယ်ပေါင်းများစွာကို ဖော်ကျူးနိုင်တဲ့ ရသရှိပါတယ်။
ဟုတ်ကဲ့.. ကြည့်ချင်ပါတယ် ဆရာ ..။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ---- အချစ်ရေ ….
        မင်းဆံထုံးမှာ
        ကိုယ့်အရိုးလေး တွေ့တွေ့နေရ
        လောက၀ိဉာဉ်ထောင့်တစ်နေရာ
        တစ္ဆေတစ်ကောင်ဟာ
        တကယ့်ကို
        ကျေနပ်စွာ …။  ကဗျာက ဒါလေးပါပဲ။ ဒါပေမယ့် မောင်ပေါက်ကျိုင်းဇာတ်ကြောင်းကြီးတစ်ခုလုံးစာ ပြည့်စုံသွား
တယ်လေ။

Nan Athinkhayar
- ဟုတ်ကဲ့ ..တကယ့်ကို ပြည့်စုံတဲ့ကဗျာလေးပါပဲဆရာ။ အတတ်ပညာပိုင်းဆိုတာထက် ကဗျာလေးထဲက ရိုးသား
သိမ်မွေ့တဲ့မေတ္တာတရားကိုမြင်မိပါတယ်။

ရတု သစ်
- ကဗျာရဲ့အတိမ်အနက်ကခန့်မှန်းရခက်မယ်လို့ကျနော်ယူဆမိပါတယ်ဆရာ။ ရေးသူရဲ့အတွင်းစိတ်ကိုလိုက်ဖို့
ကျတော့ပိုခက်မယ်လို့ပြောလို့ရမလားမသိဘူးဗျာ..ဆရာပြသွားတဲ့ ကဗျာလေး မှာဆို စဖတ်ဖတ်ချင်းဆို
ကျနော်တို့မသိနိုင်သေးဘူးအတွေးနဲ့လိုက်ယူမှ ရသွားတယ်..။ ကဗျာကတိုပေမယ့် ပြသွားတာက ဇာတ်တစ်
ခုလုံးကိုပြသွားနိုင်တယ်။

Nan Athinkhayar
- ဟုတ်တယ် ..ရတုသစ်ရေ ဆရာကိုကြည်နိုင်ပြောသလို တကယ့်ကိုဇာတ်တစ်ခုလုံးရဲ့ အနှစ်သာရကို
ပြသွားနိုင်ပါတယ်။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ပါတယ်။ ကဗျာမှာ အဲဒီလိုအစွမ်းတွေရှိနေတယ်။ အနှစ်သားအဖြစ် ကျစ်ကျစ်လေးရှိနေတတ်တာမျိုး။
စာလုံးရေ ၅၀ တောင်မပြည့်လောက်ဖူးထင်တာပဲ။ဒါပေမယ့် ဇာတ်လမ်းကြီးတစ်ခုလုံးကို ဖွင့်ပြသွားနိုင်တယ်။
ဖျက်ကနဲလေးပဲ။ ဒီကဗျာလေးကစလို့ကျနော့် ကဗျာရေးချင်စိတ်တွေ အုံကြွလာခဲ့တာပါ။

အိပ်မက် ရှင်
- ကျွန်တော့် အမြင်အရတော့ ဆရာမောင်ကောက်ရဲ့ ကဗျာဟာ အများသူငါ မရှုမြင်တဲ့ ရှုထောင့်ကနေ
ရှုမြင်ပြီးရေးသွားတာမို့ ထူးခြားရှတတဲ့ရသကို ပေးသွားတယ်လို့ ထင်ပါတယ်။ ဆက်ပါဦးဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- နောက်ကဗျာလေးတစ်ပုဒ်ပြချင်ပါသေးတယ်ခင်ဗျာ။ ကျနော့်ကို မောင်းနှင်တဲ့ကဗျာတွေထဲက တစ်ခုပါပဲ။

ရတု သစ်
- ဟုတ်ကဲ့ မျှော်လင့်နေပါတယ်ဆရာ ပြပါဦး။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ၂၀၀၄ ခုနှစ်၊ သြဂုတ်လထုတ် ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းမှာ ဖတ်လိုက်ရတဲ့ ကဗျာဆရာ `ခက်မြိုင်´ ရဲ့
ဟိုက္ကူကဗျာလေးပါ။ မီးစာကုန်ဆီခမ်းအမေအိုတစ်ဦးက သူ့ဘ၀နေ၀င်ချိန်ကို ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သန်း
သွားပုံလေး ….ကဗျာဆရာက …``နောက်ဆုံးရထား´´ လို့ သူ့ကဗျာလေးကိုအမည်ပေးခဲ့တယ်။
        နေနီနီနိမ့်ပြို
        ငြိမ်းချမ်းရွှေအိုရောင်တောင်ကြား
        ပြန်ပြီလား အမေ …. ။ ။
လို့ ဖွဲ့ပြသွားပုံလေးက ကျနော့်ကို ကဗျာတွေ ရေးကြည့်စမ်းပါကွာလို့ပြောနေသလိုလို …

ရတု သစ်
- ဟုတ်ကဲ့ဗျာ ဟိုက္ကူကဗျာလေးတွေက အတိုပြပြီးအရှည်ကိုမြင်စေတယ်လို့ကျနော်မှတ်သားဖူးပါတယ်။ အခု
ဆရာပြသွားတဲ့ကဗျာလေးမှာလဲ အဲဒီအချက်အလက်နဲ့ပြည့်စုံနေတယ်။ ယူတတ်ရင်တရားပြသွားတယ်လို့
တောင်ထင်ရပါတယ်ဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်တယ်ဆရာ အရမ်းလှတဲ့အဖွဲ့လေးပါပဲ။

Nan Athinkhayar
- ဟားး တကယ်ကိုကောင်းတဲ့ ကဗျာလေးပါပဲ ..။ မရဏလမ်းလျှောက်မယ့် အမေအိုတစ်ယောက်အတွက် ..
ငြိမ်းချမ်းမှုနဲ့အတူ ယှဉ်ပြသွားတာ ပညာသားပါလှပါတယ်။

Mya Thway Ni
- ကျစ်ကျစ်လစ်လစ်နဲ့ ထိထိမိမိ ရေးဖွဲ့ထားတဲ့ ကဗျာတွေက ကဗျာချစ်သူ၊ စာချစ်သူတွေရဲ့ စိတ်နှလုံးကို တိုက်ရိုက်
ထိမှန်စေပြီး အမြန်ဆုံး သိမ်းကျုင်္းယူငင်နိုင်သလိုပဲနော်။ ဆရာ့အနေနဲ့ရော ကဗျာတိုနဲ့ ကဗျာရှည် ဘယ်ဟာကို ပိုနှစ်
သက်သလဲဟင်..။

ရတု သစ်
- မေးသင့်တဲ့မေးခွန်းတစ်ခုလို့ယူဆမိပါတယ်ဆရာမရေ..။

 အိပ်မက် ရှင်
- အမှန်ပါပဲ ခင်ဗျာ၊ ကျွန်တော်လည်း အလားတူ မေးခွန်းမျိုး မေးချင်နေမိတာပါ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ပါ ဆရာမခင်ဗျာ။ အများအားဖြင့် ကဗျာတိုကို ပိုနှစ်သက်ပါတယ်။ ဒါပေမယ့် ဖြစ်ရပ်ကြီး
တစ်ခုခုကိုပြဇာတ်တစ်ခုကြည့်နေရသလို တစ်ဆစ်ချင်းချင်း ပြတဲ့ကဗျာရှည်တွေကိုလည်း ကျနော်
ကြိုက်ပါတယ်။ ဥပမာ ...ဆရာတာရာမင်းဝေရဲ့ ကျောင်းသား အတ္ထုပ္ပတ္တိ လိုမျိုး၊ဆရာမောင်သိန်းဇော်
ရဲ့ “ငါးမူးစေ့” လို မျိုးပေါ့။

 အိပ်မက် ရှင်
- ဆရာ ရွှေဘုန်းလူရဲ့ အဲသည့် ကဗျာမှာ -     
        အိမ်ထရံမှာ
        တခါတခါ မင်းမျက်ရည်သုတ်တဲ့
        စုတ်ချာချာ လွယ်အိတ်ကလေး
        ခေတ်ဘေးခေတ်ဒဏ် သင့်နေရှာတယ်.. ။ ဆိုတဲ့ အဖွဲ့အနွဲ့မျိုးကို ကျွန်တော် အတော်အားကျခဲ့ဖူးပါတယ်။

Nan Athinkhayar
- ဟုတ်ကဲ့ .. ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာလေးကိုရောဆရာ ... ကဗျာရှည်တစ်ပုဒ်လို ခံစားမိလား။
သိပ်ကောင်းတဲ့ရသ၀တ္တုရှည်တစ်ပုဒ်လိုမြင်မိပါသလားဆရာ။ ဆရာ့အမြင်လေးကို သိချင်လို့ပါ။ 

ရတု သစ်
- ကဗျာတိုမှာက တော့ ထိမိပြီး အတွေးဖြန့်ကျက်ရလို့ကြည်နုးမိတာမျီုး ကဗျာရှည်မှာကျတော့ ပြဇာတ်
တစ်ပုဒ်ကိုကွက်ကွက်ကွင်းကွင်းပြထားသလိုဆိုတော့ ပသာဒဂုဏ်မြောက်တဲ့ကဗျာတွေမှာဆိုကိုယ်တိုင်အဲဒီ
ထဲရောက်သွားတယ်ဆရာ..။ဆရာရော ဘယ်လိုခံစားမိပါသလဲ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကိုတော့ ကျနော်တစ်ခုခုပြောဖို့ ရွံ့ပါတယ်။ ပြောကြည့်ပါ့မယ်။

ရတု သစ်
- ဟုတ် ပြောကြည့်ပါဆရာ အတွေးအမြင်မျှဝေကြတာပေါ့ဆရာ။

Nan Athinkhayar
- ဟုတ်ကဲ့ .. လေးစားအားကျရတဲ့ ဆရာကြီးတွေရဲ့ အနုပညာဂုဏ်ကို ကိုယ်ဥာဏ်မီသလောက်လေးနဲ့ ဖွဲ့နွဲ့
တယ်လို့ပဲအောက်မေ့ပေးပါဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဗေဒါလမ်းကဗျာတွေနဲ့ ဆရာဇော်ဂျီက ကဗျာရဲ့ အန္တိမကို ရောက်သွားတယ်လို့ထင်ပါတယ်။ ဒီလိုပါ။

Nan Athinkhayar
- မှန်ပါတယ်ဆရာ။ မိန်းမသားတစ်ယောက်အနေနဲ့ .. ဗေဒါပန်းလေးရဲ့နေရာကို ကျမ မကြာခဏ၀င်ကြည့်
မိတိုင်းပျောက်သွားတဲ့ အားမာန်တွေအကုန်လုံး ပြန်ရနိုင်တဲ့ တန်ခိုးသတ္တိတွေ ကဗျာထဲမှာ တွေ့ရပါတယ်။
ဒါကတော့မိန်းကလေးတစ်ယောက်ရဲ့ အမြင်ရော ကဗျာရေးသူ စာရေးသူတစ်ယောက်အနေနဲ့ပါ ခံစားမိတာပါ။

Mya Thway Ni
- ဆရာရေ.. ကျွန်မက ကိုယ်မကျွမ်းကျင်တဲ့လိုင်းဆိုတော့ ကဗျာရေးနိုင်သူတိုင်းကို လေးစားတယ်။ အထင်ကြီး
တယ်။ကဗျာတွေ အမျိုးမျိုးရေးနေတာကိုလည်း မရွေးပဲ ဖတ်ဖြစ်တယ်။ အခုခေတ်စားနေတဲ့ ပို့စ်မော်ဒန်၊
အယ်လ်ပီဆိုလည်းဖတ်လိုက်တာပဲ။ ဒါပေမယ့် တင်ပြပုံနဲ့ ပေးချင်တဲ့အကြောင်းအရာ ရင်ကိုထိရင် အမျိုးအစား
တွေ ကွဲပြားနေပေမယ့် “ ဒါ... ကဗျာ “ လို့ သတ်မှတ်မိတယ်။ ဆရာရော ကဗျာတွေကို ရွေးချယ်ဖတ်ဖြစ်သလားရှင့်..။

ရတု သစ်
- ကဗျာရဲ့နိယာမ သဘောကို ဆရာဇော်ဂျီတွေ့သွားတယ်လို့ကျနော်ယူဆမိထားတယ် ဟုတ်ပါသလားဆရာ။
ဆရာ့အမြင်လေးကိုမျှဝေပါဦး..ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေမှာ အဖက်ဖက်ကတွေးခေါ်လို့ရသွားတယ်
လို့ကျနော်ထင်မိပါတယ်။ယောနသံဇင်ယော် လို ပေါ့ ဆရာ..။ ကျနော့်အတွေးမှားချင်လည်းမှားနိုင်ပါတယ်။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဗေဒါလမ်းကဗျာလိုမျိုး အကြောင်းအရာတူ နောက်ထပ်ကဗျာတစ်ခုကိုဘယ်သူမှ မဖန်တီးနီုင်တော့ပါဘူး။
ဗေဒါလမ်းဟာ နောက်ထပ် အသွင်တူ၊အရည်သွေးတူ ဖန်တီးခြင်းငှာ မတတ်နိုင်တော့ဘူးထင်ပါတယ်။

အိပ်မက် ရှင်
- ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာတွေကို ဖတ်ရတိုင်း ဆရာကြီးဟာအနာဂတ်ကိုတောင် ကြိုမြင်နိုင်သူလို့
ကျွန်တော်အမြဲ တွေးမိသေးတယ်ခင်ဗျ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ပါတယ်ဆရာ။ ကိုယ်တိုင်ပူးဝင်သွားတာမျိုးပေါ့။ဒါကြောင့် ကဗျာရဲ့ အန္တိမကို ရောက်သွားတယ်လို့ သုံးလိုက်တာပါ။

ရတု သစ်
- ဟုတ် အဲဒိအသုံးအနှုန်းကိုအပြည့်အ၀ထောက်ခံပါတယ်ဆရာ

Nan Athinkhayar
- ဟုတ်ကဲ့ .. ကျမကို ဆရာကိုလင်းအောင်ပြည့်က ပြောဖူးပါတယ် ကဗျာဆရာတစ်ယောက်ဖြစ်ဖို့ ရိုးသားမှုက
အဓိကလိုတယ်တဲ့..။ ရိုးသားမှုရှိတဲ့ ကဗျာကိုစီးမျောနစ်ဝင်မှုရှိတဲ့ ကဗျာဟာ ကဗျာကောင်းတစ်ပုဒ်ဖြစ်လာနိုင်
တယ်လို့ ကျမယုံကြည်ပါတယ်ဆရာ..။ အဲဒီ့အပေါ်မှာရော ဆရာ ဘယ်လိုသုံးသပ်မိပါသလဲ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဆောရီးပါ ကျနော့်ဘက်က လိုင်းကျသွားလို့။

ရတု သစ်
- မနန်းပြောပြသွားတဲ့ ကိုလင်းအောင်ပြည့်ရဲ့စကားကိုသဘောကျတယ်။ ဒါအမှန်ပါပဲလို့ကျနော်ယူဆထားပါတယ်။

Nan Athinkhayar
- ရပါတယ်ဆရာ မြန်မာပြည်ရဲ့ connection နဲ့ မီး အခြေအနေကို အားလုံးသိကြပါတယ် :)

Min Kyi Nyo
- မင်္ဂလာပါဆရာ ၊ ဆရာများခင်ဗျား ကျွန်တော်အခုပဲ ဝင်လာပြီး ဆွေးနွေးထားတွေ ဖတ်နေပါတယ် ခင်ဗျား..။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ ဆရာမမြသွေးနီမေးထားတာကို ကျနော်အရင်ဖြေပါရစေ။ ကျနော်ကဗျာကို ရွေးဖတ်ပါတယ်။
အတင်းခံစားပုံဖေါ်ကြည့်လို့မှ နားမလည်ရင် မကြိုက်ပါဘူး။ နားလည်တာပဲ ရွေးဖတ်ပါတယ်။ ဟီး ....

Nan Athinkhayar
- အကောင်းဆုံးနဲ့ အရိုးသားဆုံ အပွင့်လင်းဆုံး အဖြေပါပဲ ဆရာ။ ဆရာ့ကို တကယ် ချီးကျူးမိပါတယ်။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ရိုးသားမှုရှိတဲ့ ကဗျာ စီးမျောနစ်ဝင်မှုရှိတဲ့ ကဗျာဟာ ကဗျာကောင်းတစ်ပုဒ်ဖြစ်လာနိုင်တယ်လို့ ဆရာမ ပြော
သွားတာကို ကျနော်ကတော့လက်တွေ့ပါပဲ။

 ရတု သစ်
- တကယ်သင့်တော်တဲ့ အဖြေပါပဲ။ ကျနော်လည်း ကဗျာဖတ်ရင်အိုးနဲ့ဆန်တန်ရုံပဲ ခပ်ပြီး ဖတ်ဖြစ်ပါတယ်ဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ကျနော်က ကဗျာကို အကွက်ချစဉ်းစားလိုက်တာနဲ့ကို မရေးတတ်တော့ဘူး။ ရိုးရိုးလေးပဲ စိတ်ထဲရှိတာကို
ရေးချလိုက်အဲဒီလိုပဲရေးတတ်ပါတယ်။အကွက်ချပြီးရေးခဲ့ဖူးပါတယ်။ လုံးဝခံစားလို့မကောင်းဘူး။

ရတု သစ်
-ဟုတ်ကဲ့ ဆရာ ကဗျာရဲ့ရိုးဂုဏ်မပျက်တာပေါ့ဆရာ..စိတ်ထဲရှိတဲ့အတိုင်းရေးချလိုက်ရတော့ ခံစားမှုအား
လည်းပိုကောင်းပြီး နစ်ဝင်မှုလည်း အားပါတယ်လို့ထင်မိပါတယ်ဗျာ။

Mya Thway Ni
- ရင်ကိုထိရင် အမျိုးအစားတွေ ကွဲပြားနေပေမယ့် “ ဒါ... ကဗျာ “ လို့ သတ်မှတ်မိတယ်..လို့ ဒါကြောင့်
ကျွန်မပြောတာပါ ဆရာ။

Nan Athinkhayar
- ဆရာတင်မိုးရဲ့ ဖိုးသာထူးဆိုတဲ့ ကဗျာလေးဆို .... အလွန်ရိုးသား မြင်သာပြီး ချစ်စဖွယ်ကလေး၀၀လေး
ကို မြင်ယောင်ပြုံးမိစေပါတယ်။ ကျမလည်းအဲဒီလိုကဗျာလေးတွေကို ကြိုက်ပါတယ်။

အိပ်မက် ရှင်
- ကဗျာတစ်ပုဒ် အပေါ် နားလည်တယ် မလည်ဘူး ဆိုတာကို ဆရာကိုကြည်နိုင် အနေနဲ့ ဘယ်လိုများ
ဆုံးဖြတ် ကြည့်သလဲ ခင်ဗျာ။

 သက္က မိုးညို
- ဆရာလေးခင်ဗျား အချိန်မစေ့ခင် တစ်ခွန်းလောက် ၀င်မေးခွင့်ပြုပါ။ ခေါင်းစဉ်နဲ့ မဆိုင်ပေမယ့် အနော်
သိချင်နေလို့ပါ။ကဗျာကောင်းတွေမှာ ပါဝင်တဲ့ “ကဗျာကောင်း ဖြစ်သွားစေသော အဓိက အကြောင်းရင်း
တစ်ချက်”က ဘာပါလဲခင်ဗျား။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ ဆရာအိမ်မက်ရှင်မေးတာလေး ကောင်းပါတယ်။ ကဗျာတစ်ပုဒ် အပေါ် နားလည်တယ် မလည်
ဘူး ဆိုတာကို ကျနော့်ကိုယ်ပိုင်ဥာဏ်လေးနဲ့ လိုက်တွေးကြည့်တယ်။ တွေးလို့ရရင် နားလည်တယ်။ မရရင်
နားမလည်ဘူးလို့ သတ်မှတ်ပါတယ်။ကျနော့်အတွက်တစ်ကိုယ်စာ စံနှုန်းပါ။ အခြားသူတွေတော့ ဘယ်လို
သတ်မှတ်မယ် ကျနော်မသိပါဘူးခင်ဗျာ။

အိပ်မက် ရှင်
- အဲသည့် အမြင်က တစ်ယောက်နဲ့ တစ်ယောက် ထပ်တူကျဖို့ မလွယ်ကူလှဘူး ဆရာရဲ့။ မတူညီ နိုင်ဘူး။

Nan Athinkhayar
- မှန်ပါတယ် ဆရာအိပ်မက်ရှင် ..။ ဆန်းသစ်တဲ့ ခေတ်ရေစီးကြောင်းမှာပေါ်ပေါက်လာတဲ့ ကဗျာတွေလည်း
လိုအပ်သလို ...ကာရန်လေးတွေနဲ့ရသကို အဓိကပေးတဲ့ ကဗျာလေးတွေလည်း ခေတ်တိုင်းမှာလိုတယ်လို့
ထင်မိပါတယ်။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- သက္က မိုးညို ကဗျာကောင်းဖြစ်သွားစေသော အဓိက အကြောင်းရင်းဆိုတာ ပညာရှင်တွေ ဆုံးဖြတ်မှ မှန်ကန်
လိမ့်မယ်တကယ်လို့ ကျနော်ဖြေလိုက်ရင်လည်း မှန်ကန်ပြည့်စုံတဲ့အဖြေရနီုင်မှာမဟုတ်ပါဘူး။ ဟုတ်ကဲ့ အားနာ
ပါတယ်ခင်ဗျာ။ ကျေးဇူးပါ။

သက္က မိုးညို
- မေးခွန်းမှာကျန်သွားလို့ ဆောတီးပါဆရာ၊ ဆရာ့ရဲ့ စံနှုန်းကိုမေးချင်တာပါ။

ရတု သစ်
- ဒါပေမယ့်ဆရာပြောတာသဘာဝကျပါတယ်ဗျာ ကိုယ်တိုင်နားမလည်တာကိုတော့ နားလည်ချင်ယောင်
ဆောင်ပြီး ဇွတ်သွင်းနေလို့တော့မရဘူးထင်ပါတယ်..ခုထိကျနော် ဂရပ်ဖ်ဖစ် ကဗျာဆိုတာကိုနားမလည်
သေးပါဘူးဗျာ..

Nan Athinkhayar
- ဆရာမ မြသွေးနီပြောတဲ့ အယ်လ်ပီတွေ၊ ပို့စ်မော်ဒန်တွေမှာလည်း ရသပြည့်ဝတဲ့ ရင်ထဲကို ထိစေတဲ့
ကဗျာကောင်းတွေအများကြီးရှိပါတယ်။ ထို့အတူ လယ်တောကအပြန်လိုမျိုး ... နူးညံ့ပြီး ဖတ်သူရဲ့ရင်ကို
စိမ့်ဝင်စေတဲ့ကဗျာတွေလည်း ဘယ်တော့မှမရိုးနိုင်ပါဘူး။ ကျမကတော့ ဆရာမပြောသလိုပဲ ရင်ထဲရောက်
ရင် ဒါ ..ကဗျာဆိုတာကို အကြွင်းမဲ့ ထောက်ခံပါတယ်။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ကဲ့ ကျနော်တစ်ဦးတည်းစာ အမြင်ကို ပြောပါ့မယ်။ ကျနော့်အတွက်ကဗျာကောင်းဆိုတာ ဖတ်ပြီး
သွားရင် ...ရင်ထဲမှာအချိန်အကြာကြီး(တစ်ခုခု) ကျန်ခဲ့တာမျိုးကို ကျနော်က ကဗျာကောင်းလို့ သတ်မှတ်
ကြည့်ချင်ပါတယ်။

ရတု သစ်
- ရင်ထဲရောက်တယ်ဆိုရင် ကျနော်တော့လက်ခံပါတယ်..ရင်ထဲမရောက်ပဲ ဦးနှောက်ခြောက်စေမယ့်
ကဗျာတွေကျတော့အားနာစွာပဲကျနော်မျက်ကွယ်ပြုနေရကြောင်းပါခင်ဗျ။ဒါကလည်းကျနော့်ရဲ့အာနည်း
ချက်ဖြစ်မှာပါ။ ကျနော်တို့မသိတာ မတတ်တာတွေအများကြီးကျန်နေ/ရှိနေသေးတယ်လို့ပဲယူဆထား
မိပါတယ်ခင်ဗျာ။

Min Kyi Nyo
- ကဗျာကောင်းဖြစ်သွားအောင်ဆိုတဲ့အချက်က ရေးသူရော ဖတ်သူပါတစ်သံတည်းလက်ခံရမယ့်
အချက်ဖြစ်နေမလားမသိဘူးဗျ။ ကျွန်တော့်အမြင်ကို ပြောကြည့်တာနော်။ ကဗျာကိုယ်မှာ အဓိက ကိုယ်
ရေးမယ့် ဦးတည်ရာကိုပိုင်ပိုင်နိုင်နိုင် ရေးစွမ်းနိုင်ရင်ကဗျာကောင်းဖြစ်ဖို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- မှန်တယ်ဆရာ စိတ်အနှောင့်အယှက် ပေးနီုင်တာမျိုးကိုတော့ ကဗျာကောင်းဆိုရင်တောင် မသိချင်
ယောင်လေး ဆောင်နေမိတာပါပဲ။

Min Kyi Nyo
- တကယ်ပဲခက်ပါတယ်။ ဒါကြောင့်လဲ ကဗျာတိုင်းက ကဗျာကောင်းမဖြစ်နိုင်တာပါ။

အိပ်မက် ရှင်
- ဟုတ်တယ်ဗျ၊ အစ်ကိုသက္ကမေးတဲ့ ကဗျာကောင်းဆိုတာ ကိုကြည်နိုင်ရဲ့ကဗျာကောင်း ဆိုတာဘယ်
လိုလဲ ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ ကဗျာကောင်း ဆိုတဲ့ စကားက Individual
ဆန်တာမို့ပါ။

ရတု သစ်
- ကဗျာတော့ကဗျာလို့ပြောကြပါတယ်ဆရာ..ဒါပေမယ် ကဗျာကယာ(ကပျာကယာ)ဖြစ်သွားတာတွေ
လည်းရှိနေတတ်ပါတယ်..။ ကျနော်ရေးမိတဲ့ထဲမှာလည်းပါကောင်းပါနိုင်ပါတယ်။ ကဗျာကောင်းလို့
သတ်မှတ်ဖို့ကျတော့ခက်မယ်ထင်တယ်ဆရာတို့ရေ.။ လူတစ်ယောက်မှာ တိုက်ဆိုင်နေပေမယ့်အခြား
တစ်ယောက်မှာကျတော့ဆန့်ကျင်နေတာမျိုးဆိုကျနော်တို့ဘယ်လိုသတ်မှတ်ရမှန်းမသိပါဘူးဆရာတို့
..ကဗျာကောင်းဆိုတာနဲ့ပတ်သက်ပြီးပေါ့ဗျာ 
  
Nan Athinkhayar
- ဆရာ့ကို တစ်ခု မေးချင်ပါတယ်ဆရာ။ ကျမတို့ အနုပညာသမားတိုင်းဟာသာမာန်လူတွေလိုပဲ ကိုယ်
ရေးကိုယ်တာအကြောင်းတရားတွေ ရှိတတ်ပါတယ်။ဒါပေမယ့် ကိုယ်ရေးကိုယ်တာတိုင်းဟာလည်းအနု
ပညာဖြစ်မလာနိုင်သလို ..အနုပညာတိုင်းဟာလည်း ကိုယ်ရေးကိုယ်တာမဟုတ်ဘူးဆိုတာ ကျမတို့လက်ခံ
ထားကြပါတယ်။ ဒါကို မကွဲပြားတဲ့ပရိသတ်တွေနဲ့ နောက်ဆုံး မိသားစုက အစ ကာယကံရှင်ရဲ့ အနုပညာ
တိုင်းဟာ ကိုယ်ရေးကိုယ်တာတွေလားလို့သို့လောသို့လောဖြစ်တတ်ကြပါတယ်။ အဲဒီ့အပေါ်မှာ ဘာပြော
ချင်ပါသလဲဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ရေးသူဖတ်သူ တစ်ထပ်တည်းကျဖို့တော့ နည်းနည်းများ ခက်လေမလားမသိဘူးဗျ။
- ဟုတ်ကဲ့။ အနုပညာဟာ အနုပညာအဖြစ် သူ့နေရာလေးမှာ တသီးတသန့် ရှိနေတဲ့အရာပါ။ ပါစင်နယ်
တွေကတစ်ခါတစ်လေမှာအနုပညာ ဆန်ကောင်းဆန်သွားပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ အနုပညာဆန်ခြင်း
ပါပဲ။ တစ်င်္သးတစ်သန့်စီလို့ထင်ပါတယ်။

Mya Thway Ni
- နန်းမေးတာနဲ့ ပတ်သက်ပြီး ကျွန်မမြင်တာတော့ စာပေဆိုတာ အနုပညာတစ်ခုပါ။ ကျွန်မတို့ဆီမှာက
ပုဂ္ဂိုလ်ရေးနဲ့ အနုပညာရောထွေးမြင်တာ အသားကျနေကြတာကလည်း ခက်လှပါတယ်။ အဲ့တာကလဲ
ဖန်တီးသူအနုပညာရှင်တွေအတွက် အနုပညာဖန်တီးရာမှာစိတ်အနှောက်အယှက်ဖြစ်ရပါတယ်။ အနုပညာ
ကို သီးသန့်ခံစားကြပါ။ ပုဂ္ဂိုလ်ရေးကို သီးသန့်ဆွေးနွေးပါ။ ဒါ့အပြင်အနုပညာရှင်တွေကလည်း ပရိသတ်
အပေါ် ရိုးသားဖို့လိုပါသေးတယ် လို့ မြင်ပါတယ်။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ဟုတ်ပါတယ် ဆရာမ မြသွေးနီခင်ဗျာ။ ဆရာမပြောမှပဲ ပြည့်စုံသွားတာပါ။ ကျေးဇူးပါဆရာမရေ။

Nan Athinkhayar
- မှန်ပါတယ်အစ်မ။ ဒီလိုဖြစ်ရပ်တွေ မေးကြမြန်းကြ မကြာခဏကြုံရလို့ ကျမလည်း ဆရာ့သဘောထားကို
မေးမြန်းကြည့်တဲ့သဘောပါ။ အစ်မအဖြေလိုပဲမကွဲပြားတဲ့ အသားကျမှုပါပဲ။

Ko Hmu
- ဆရာကြီးဒဂုန်တာယာရေးဘူးပါတယ် ကဗျာရေးသူက သူခံစားမိတဲ့အရာ တွေးတောမိတဲ့အရာကိုရေးပါ
တယ် ကဗျာဖတ်သူနဲ့ ခံစားချက်ခြင်းတထပ်တည်းကျတော့ အောင်မြင်တဲ့ကဗျာတစ်ပုဒ် အနုပညာတစ်ခုဖြစ်
လာပါတယ် သိသလောက်လေးဝင်မန့်တာပါခင်ဗျာ။ အမှားပါရင်ခွင့်လွှတ်ပေးပါ။

Nan Athinkhayar
- ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုမှူး။ မှတ်သားထိုက်တဲ့ စကားလေးပါပဲ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- “ကဗျာကယာ(ကပျာကယာ)ဖြစ်သွားတာတွေလည်းရှိနေတတ်ပါတယ်..။”အဲဒါလေးတော့ ကြိုက်တယ်
ဆရာရတုသစ်ရေ ..

Yan Aung Moe
- ဆရာ ကဗျာ စရေးဖြစ်ပုံလေးကိုသိချင်ပါတယ်ဆရာ ကိုကြည်နိုင်ခင်ဗျာ။ ပြီးတော့ ကဗျာရေးရင်လိုက်နာ
ရမဲ့နည်းလမ်းလေးတွေလဲသိချင်ပါတယ်ဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- Yan Aung Moe ကဗျာရေးရင် လိုက်နာရမယ့် စည်းကမ်းဆိုတာမျိုးကို ကျနော်လည်း သိချင်ပါတယ်
ခင်ဗျာ။ ကျနော့်အဖို့တော့ ဆရာမနန်းပြောသလို “ရိုးသားမှု” ဆိုတာလေး ရှိနေဖို့လိုတယ်လို့ ယူဆပါတယ်
ခင်ဗျာ။ ကျနော်ကဗျာစရေးဖြစ်တာကတော့ အပေါ်မှာပြောခဲ့သလို ဖတ်ခဲ့ဖူးတဲ့ကဗျာလေးတွေထဲက အချို့
ကဗျာတွေကြောင့်၊ ကျနော့်ကို အတင်းတွန်းပို့သလိုဖြစ်လို့ ရေးဖြစ်ခဲ့တာပါ။ မုတ်ကောင်တစ်ကောင်ကို ဖွင့်
ကြည့်လိုက်သလိုမျိုး ချုပ်နှောင်ထားတဲ့အခွံမာ၊ ပိတ်မံလိမ်းကျံထားတဲ့ အသားတွေအားလုံးကို ခွာချပြီးတဲ့
နောက်အမြုတေရတနာ ပုလဲလုံးလေးနဲ့ ကဗျာကို တင်စားမယ်ဆိုရင် .. ကျနော်ကအဲဒီအနှစ်သားကိုရဖို့
ရေငုတ်နေရဆဲအဆင့်ပါ။ မုတ်ကောင်ကိုတောင် ရှာဖွေဆဲ ဖြစ်ပါတယ်။ ကျနော့်ပါရမီလေးရှိသလောက်၊
ကျနော့်စွမ်းရည်လေးရှိသလောက်နဲ့ တစ်ချိန်ချိန်မှာတော့ ပုလဲတစ်လုံး ပိုင်ရနိုးနိုးနဲ့ ဆက်ငုတ်နေပါဦးမယ်။

 Yan Aung Moe
- အရမ်းကောင်းတဲ့နမူနာလေးပါပဲဆရာ ကိုကြည်နိုင်ခင်ဗျာ။

Thein Zaw
- ဟုတ်ကဲ့ ဆရာဆရာမများခင်ဗျား။ ကိုငှက်ကြီးပြောတာလေး ၀င်ရေးပါရစေ။ "ကဗျာထဲက ညနေဟာ
ကျနော်ဖတ်ရင်ကျနော်ညနေ ခင်များဖတ်ရင်ခင်များညနေပဲ".ကဗျာထဲမှာ စီးမျောနစ်ဝင်မှုဟာ အားလုံး
ထပ်တူမကျနိုင်ဘူးလို့ထင်ပါတယ်။ခံစားသူအနေနဲ့ ၀င်ပြောခြင်းပါ။ အမှားပါရင် ခွင့်လွှတ်ပါ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- Yan Aung Moeကျေးဇူးပါ။  Thein Zaw ကောင်းတယ်ဗျာ။ ကိုငှက်စကားလေး။ ကျေးဇူးပါ။

Nan Athinkhayar
- ဆရာရဲ့ "လူဟာ လူက ဆင်းသက်တယ်"နဲ့ "ကျောက်သင်ပုန်းလေးတစ်ချပ်"တို့လို ရသစာပေကောင်း
လေးတွေကို ဖန်တီးဖြစ်ခဲ့ပုံလေးလည်း သိချင်ပါတယ်။

ရတု သစ်
- ကျနော်က ကဗျာရေးတာ ကိုအားသန်ပေမယ့် ၀တ္ထုတိုလေးတွေလည်းအရေးကျင့်နေပါတယ်ဆရာ...ဆရာ့
အနေနဲ့ရသစာပေတစ်ခုကိုဖန်တီးတဲ့အခါမှာတွေ့ကြုံရတဲ့စိတ်ခံစားမှုလေးကိုပြောပေးပါလားဆရာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ရသစာပေတစ်ခုကို ဖန်တီးဖို့ ပြင်ဆင်ချိန်၊ ဖန်တီနေချိန် တိုင်းဟာ ကျနော့်အတွက်တော့ အကုသိုလ်ကင်း
ချိန်လို့ပဲ ဆိုပါရစေ။ ကျနော် ဘာ“ပေး” နိုင်မလဲဆိုတာကိုပဲ အမြဲ စဉ်းစားနေဖြစ်ချိန်လေးပေါ့။ အဲ ..ဖန်တီးပြီး
သွားလို့ စိတ်ကြိုက်ကလေးများရခဲ့ရင်၊ စာဖတ်သူကလည်းကျေနပ်သွားရင် .. အဲဒီမှာ ကျနော်အများကြီးပြန်
ရတော့တာပဲ။ ကျနော်ပေးလိုက်တာလေးနဲ့မတန်အောင် များပြားလွန်းတဲ့ ပီတီတွေ ပြန်ရတာပါ။

Nan Athinkhayar
- စိတ်ကောင်းစေတနာပြည့်ဝတဲ့ အနုပညာချစ်စိတ်လေးပါပဲဆရာ 
 
ကိုကြည်နိုင် ကျုံတိုင်းရွာ
- လူဟာလူက ဆငိးသက်တယ်ဆိုတာကတော့ အဲဒါလေးရေးချိန်တုန်းကMRTV က ညတိုင်းမြင်နေရတဲ့
ဘဂ္ဂဒက်သတင်းတွေကြောင့်ပါ။ လူတွေဟာ ... လူမဆန်တော့တဲ့အခါ တိရိစ္ဆာန်တွေထက်ဆိုးတာလေးကို
ခံစားမိလို့ အဲဒီလိုလေး ချပြလိုက်တာပါ။
- ကျောက်သင်ပုန်းလေးတစ်ချက်ကတော့ အများသိဖူးနေကြ “နှလုံးသား”အာဟာရထဲက ဇာတ်ကြောင်း
လေးတစ်ခုကို ခံစားပုံဖေါ်ကြည့်တာပါ။


Nan Athinkhayar
- ဟုတ်ကဲ့ပါ ဆရာ ..။ ဟုတ်ကဲ့ .. ဆရာ့ဝတ္တုတိုလေးတွေဟာ .. စာဖတ်သူတွေအတွက် ရသပိုင်းရော
စိတ်ခံစားမှုအပိုင်း အတွေးအခေါ်ပိုင်းလေးတွေပါ ရရှိစေတယ်လို့ခံစားရပါတယ်။

ရတု သစ်
- ဟုတ်ကဲ့ဆရာ..နှလုံးသားအာဟာရလိုမျိုး အားရှိစေမယ့်စာတွေများများရေးနိုင်ဖို့မျှော်လင့်နေပါတယ်
ဆရာ..။ နှလုံးသားအာဟာရ က ကျနော်အရမ်းကြိုက်မိနေတဲ့ရသစာတွေပါပဲဆရာ။

 ကိုကြည်နိုင် ကျုံတိုင်းရွာ
- ကျောက်သင်ပုန်းလေးတစ်ချပ်ဟာ ကျနော် ၇၅% ပဲဖန်တီးနီုင်တာပါ။ ဖတ်ဖူးထားတာလေးတစ်ခုကို
ပွားယူလိုက်တာပါ။ (မှီးခြင်းမဟုတ်ပါ) ကျနော် ၁၀၀% ဖန်တီးထားတာလေးကတော့ “အရုပ်ဆိုင်ပါ”
အားရခဲ့တာလေးပေါ့။ ...

Nan Athinkhayar
- အခုလို အွန်လိုင်းစာပေဆွေးနွေးပွဲတွေ လုပ်တဲ့အပေါ် ဆရာ့အမြင်လေးနဲ့ဒီနေ့ပွဲလေးမှာ ပါဝင်ဆွေးနွေးသူ
အွန်လိုင်းက စာချစ်သူတွအတွက် ဆရာ့ရဲ့အမှတ်တရစကားလေး ရှိရင် ပြောပေးပါဦး ။ အချိန်ကလည်း နည်း
သလိုဆရာ့ဘက်မှာလည်း မြန်မာပြည်ရဲ့ကြုံတွေ့နေကြအရေးကိစ္စလေးတွေကိုအားနာမိတာကြောင့် ဒါလေး
နဲ့ပဲ လက်စသတ်လိုက်ကြပါစို့ဆရာ ...။

အိပ်မက် ရှင်
- ကျေးဇူးပါဆရာ၊ မှတ်သားဖွယ်ရာတွေ ဥပမာကောင်းတွေ အများကြီးရလိုက်ပါတယ်။ အခက်အခဲတွေ ရှိနေ
တဲ့ ကြားက အခုလိုမဖြစ်ဖြစ်အောင်ဆွေးနွေးပေးတဲ့ အတွက် လေးစားလျှက်ပါ ခင်ဗျာ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- ရပါတယ်ဆရာရယ် ဆရာတို့က ပိုပင်ပန်းကြတာပါ။ စိတ်လည်း ညစ်ကြရမယ်ဆိုတာ ကျနော်သိနေတယ်။
အားလုံးကိုဒီပွဲလေးအတွက် အထူးကျေးဇူးတင်ပါတယ်။

အိပ်မက် ရှင်
- ကျွန်တော်တို့က ကိစ္စ မရှိပါဘူးဗျာ၊ ဝါသနာအရ ဒီလို ဆွေးနွေးရတာကိုပဲ ဝမ်းမြောက်လှပါပြီ။

ကိုကြည်နိုင် ကျုံတိုင်းရွာ
- အခုဆွေးနွေးပွဲမှာ ပါဝင်ကြတဲ့ ကျနော့်ထက်ပါရမီရင့်သန်သူ၊ ကျနော်ချစ်ခင်လေးစား အားကျရတဲ့
စာရေးသူ၊ စာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ကျနော်ဆက်ငုတ်ရဦးမယ့် ခရီးရှည်ကြီးမှာ
အခုဆွေးနွေးပွဲလေးအတွင်းပါဝင်သူ၊ပါဝင်လိုသော်လည်း အကြောင်းကြောင်းကြောင့် မပါဝင်လိုက်ရသူ
များအားလုံးကို ကျနော့်ရဲ့ ဗီတာမင်များအဖြစ် အမြဲမှတ်မှတ်ရရ ရှိနေပါ့မယ်။

Min Kyi Nyo
- ဘာပဲဖြစ်ဖြစ် ဆရာကိုကြည်နိုင် ဆရာမမြသွေးနီ ဆရာမနန်းအသင်္ခယာ၊ဆရာအိပ်မက်ရှင်နဲ့ ဆရာ
ရတုသစ်တို့ အပါအဝင်ဝင်ရောက်ဆွေးနွေးကြသူများတကယ်ပဲ ကျေးဇူးဥပကာရတင်မိပါတယ်ဗျာ။

Rapper Lay
- ဆရာ၊ဆရာမများကို...အရမ်းဘဲကျေးဇူးတင်ပါတယ်ခင်ဗျာ.......နောက်ထပ်ဒီလိုလုပ်နိုင်ဖို့ စောင့်ေ
မျှာ်နေပါတယ်...

ရတု သစ်
- ဟုတ်ကဲ့ပါဆရာ..အခုလိုမအားလပ်တဲ့ကြား(လိုင်းမကောင်းတဲ့ကြား)ကသိချင်တာလေးတွေကိုပြန်
ပြောပေး မျှဝေပေးတဲ့ဆရာကိုကြည်နိုင်/ဒီပွဲလေးဖြစ်အောင်လုပ်ပေးတဲ့မနန်း/နောက် ၀င်ဆွေးနွေးသူ/
ကြည့်နေသူအားလုံးကိုအမှတ်ရကျေးဇူးတင်နေမိပါတယ်လို့ပြောပါရစေ။ မင်းကြည်ညိုကိုလည်းကျေးဇူး
တင်တဲ့အကြောင်းပြောပါရစေဗျာ။

Nay Zar Tun
 - အခုလို ပထမအကြိမ် အွန်လိုင်းစာပေဟောပြေပွဲလေးကို အောင်မြင်စွာ ပြုလုပ်သွားနိုင်တဲ့အတွက် ဂုဏ်ယူ
ပါတယ်ဗျာ နောက်နောင်လည်း ဒီလိုဟောပြေပွဲလေးတွေကို မကြာခဏပြုလုပ်ပေးပါရန် မေတ္တာရပ်ခံရင်း
အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Nan Athinkhayar
- ကျမလည်း ဒီပွဲလေးကို လုပ်ချင်တဲ့စေတနာနဲ့ မနိုင်မနင်းဖြစ်နေတာကို ၀ိုင်းဝန်းပြီး စေတနာအပြည့်နဲ့ ၀င်
ကူညီကြတဲ့ ဆရာအိပ်မက်ရှင် ဆရာမ မြသွေးနီ မောင်ငယ်လေး ရတုသစ်နဲ့ ဆရာမင်းကြည်ညို စသဖြင့် .
ပါဝင်ဆွေးနွေးပေးသူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် .. မီးပျက်နေတဲ့ကြားက အစီ
အစဉ်ပျက်မှာစိုးလို့ ခဲရာခဲဆစ် စီစဉ်ပြီး ဆွေးနွေးပေးသွားတဲ့ ဆရာကိုကြည်နိုင်ကိုလည်း လေးစား ကျေးဇူး
တင်လျှက်ပါ။ ဆရာ ဆထက်တန်ပိုး အောင်မြင်ပါစေ ..ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုနဲ့အတူ အနုပညာ
ပန်းတိုင်ကို လှမ်းကိုင်နိုင်ပါစေ ..ဆုတောင်းပေးလိုက်ပါတယ် ဆရာ ...။

Mya Thway Ni
-သိခွင့်တွေ ရလိုက်တယ်...ထပ်မံ နီးစပ်သွားတယ်...  ရင်မှ မုဒိတာဖြစ်မိတယ်...


ကိုကြည်နိုင် ကျုံတိုင်းရွာ
- ကျေးဇူးပါ ဆရာမနန်းရေ ..ထို့အတူပေါ့ခင်ဗျ။ ဆရာမ မြသွေးနီရေ .. ဆရာမဆီကလည်း ကြားရမှာ
တွေအတွက် စောင့်မျှော်နေကြောင်းပါခင်ဗျာ။


ရတု သစ်
-အခုလို မုဒိတာရပ်ဝန်းလေးတွေ ထပ်ပြီးပေါ်ပေါက်လာဖို့ မျှော်လင့်နေပါကြောင်းဆရာ/ဆရာမတို့ခင်ဗျာ..။

=============================================

ဆရာမ နန်းအင်္သခယာ ဒီနေရာမှာ တင်ထားတဲ့ FB Note ကို ကူးယူလာတာပါ။

Thursday, December 27, 2012

ကျနော်နှင့် ကျနော်၏ မှန်ကူကွက်များ

ကျနော်သီအိုရီနှစ်ခုကို တပြိုက်နက်ဖတ်ကြည့်ပြီး အတွေးထဲမှာ ကူကယ်ရာမဲ့ ပိတ်လှောင်ခဲ့ဖူးတယ်။ သီအိုရီ ၁၊၂ ဆိုပါတော့ဗျာ။
သီအိုရီ(၁)
မျဉ်းပြိုင်နှစ်ကြောင်း ဘယ်တော့မှ မဆုံကြ/မဖြတ်ကြ( သင်္ချာဆိုင်ရာ သီအိုရီတစ်ခုပါ )


သီအိုရီ(၂)
အပြိုင်ထွက်သွားသော အလင်းတန်းနှစ်ခု အနန္တအကွာအဝေးမှာ ဆုံကြ/ဖြတ်ကြ။ ( ရူပဗေဒဆိုင်ရာ သီအိုဲရီတစ်ခုပါ)




အဲဒီနှစ်ခုကို တပြိုက်နက်ဖတ်လိုက်တော့ ကျနော့်အတွေးတွေ ပိတ်လှောင် အကျဉ်းကျသွားပါတော့တယ်။ ဒီလိုပေါ့... စက်ဝိုင်းတစ်ခုရဲ့ဗဟိုချက်မှာ ပိတ်မိနေသလိုမျိုး။ ထွက်ပေါက်နတ္ထိ။



 
အဲဒီလို အကျဉ်းအကျယ်ထဲရောက်လာတဲ့ခါ ကျနော့်ရဲ့ဖြေရှင်းနည်း (၃)မျိုးရှိတယ်ဆိုတာအခုအရွယ်ကျမှ ပြန်ဆင်ခြင်မိပါတယ်။
(၁) ပထမ (under 20) ဖြေရှင်းနည်း
ကျနော်တို့ငယ်ငယ်က ကျောင်းမှာ အပြင်းပြေဆော့ကြတဲ့နည်းလေးပါ။ တုတ်ချောင်းလေး ၄ ချောင်း၊ အမှိုက်ကလေး တစ်စနဲ့ပေါ့။

 

အပေါ်ပုံက ဂေါ်ပြားထဲမှာရှိနေတဲ့ အမှိုက်လေးကိုမထိပဲ အပြင်ရောက်သွားအောင် နှစ်ချက်ပဲရွှေ့ဆိုတဲ့ ကစားနည်းလေ။ နည်းပေါင်းစုံရွှေ့ကြည့်တဲ့အခါ ဒီလို အောင်မြင်သွားတယ်ပေါ့ဗျာ။ နံပါတ်(၃)တုတ်ချောင်းနဲ့ နံပါတ်(၂) တုတ်ချောင်း ကိုပဲ ရွှေ့လိုက်တာလေ။


(ကျနော် ညစ်ပေါက်ကပ်ကျယ်တွေးဖူးတယ်။ လက်ကိုင်ရိုးကို ဆွဲမြှောက်လိုက်မှာပေါ့လို့... ဘယ်ရမတုန်း၊ တကယ့်ဂေါ်ပြားမှ မဟုတ်တာ)


လွတ်မြောက်သွားပြီပေါ့။ အခက်အခဲတစ်ခုခုကြုံလာတိုင်းနည်းပေါင်းစုံဖြေရှင်းကြည့်တယ်။ တစ်ခုခုနဲ့တော့ အဆင်ပြေမှာပဲဆိုတဲ့ အတွေးနဲ့ပေါ့၊ ပေါ့ပေါ့ပါးပါးပါပဲ။


 
(၂) ဒုတိယ (over 25) ဖြေရှင်းနည်း
``စာတွေကအရမ်းခက်တာပဲ။ အောင်ဖို့မလွယ်ဘူး´´ လို့ပြောတဲ့ သူငယ်ချင်းရဲ့ညီ ဆယ်တန်းကျောင်းသားကို ကျနော်ပြောဖူးတယ်။ 
“ဒီမှာငါ့ညီ......မင်းခုအရွယ် မှာ စာတွေကို ကျက်မှတ်လေ့လာဖို့ ဦးနှောက်က ကောင်းကောင်းဖွံ့ဖြိုးနေပြီ။ မင်းရဲ့ကိုယ်ကယခွန်အားနဲ့ ကျန်းမာရေးကလည်း အပင်ပန်းခံလေ့လာသင်ယူနိုင်ပြီ။ မတတ်တာကို သင်ပေးမယ့်ဆရာတွေလည်း အဆင်သင့်။ ဘာများလိုသေးလို့လဲကွာ”

“ငါ့ညီ..မင်းတစ်ချက်လောက် ပြန်စဉ်းစားကြည့်လိုက် ..တို့တွေ လမ်းစလျှောက်တတ်ကာစက ဦးနှောက်ကလည်း မဖွံ့ဖြိုးသေး ၊ ကိုယ်ကာယခွန်အားကရော ဘာများပြည့်စုံသေးလို့လဲ။ ခြေထောက်ကို ဘယ်လိုလှမ်း၊ လက်ကတော့ ဒီလိုလွှဲဆိုပြီး သင်ပေးတဲ့ ဆရာရော ရှိခဲ့လို့လား။ လဲကျ....ပြန်ထ.....ဆက်လျှောက်..လဲကျ....ပြန်ထ.....ဆက်လျှောက် ..လဲကျ.....   .....     ဆက်လျှောက်......    .......ဆက်လျှောက်...... အဲဒီလိုနဲ့ရအောင်လျှောက်လာခဲ့တာလေ......။

``တကယ်တော့ တစ်ဘ၀လုံးကြုံကြရမယ့် အခက်အခဲက လမ်းစလျှောက်ရတာလောက် မခက်ပါဘူးကွာ”
လဲကျ.....ပြန်ထ.....ဆက်လျှောက် နည်းနဲ့ ကျွန်တော်ဖြေရှင်းခဲ့ပါတယ်။ နည်းနည်းတော့ပင်ပန်းတယ်။



(၃) တတိယ ( over 30 ) ဖြေရှင်းနည်း

စေတီပုထိုးတွေအနီးမှာ ငှက်ကလေးတွေကို လှောင်ချိုင့်နဲ့ ထည့်ထားတာမြင်တိုင်း အတော့်ကို မွန်းမွန်းကြပ်ကြပ်ကြီးခံစား ရတယ်။ အလွတ်လပ်ဆုံး ကောင်းကင်ကြီးထဲမှာ ရှိနေသင့်တဲ့ ငှက်ကလေးတွေက အကျဉ်း ကြပ်ဆုံး  လှောင်အိမ်လေးထဲမှာ ပြွတ်သိပ်နေကြရတာလေ။ အဲဒီငှက်ကလေးတွေ အားလုံးကို ၀ယ်ပြီး လွှတ်ရလောက်အောင် ငွေကြေးမတတ်နိုင်လို့ နေမထိထိုင်မထိဖြစ်နေတုန်းမှာပဲ ..... တစ်ယောက်ကရောက်လာ၊ ငှက်ကလေး တစ်ချို့ကို ၀ယ်ပြီးလွှတ်ပေး၊ နောက်တစ်ယောက် .....နောက် .....။ ဒီလိုနဲ့ ငှက်ကလေးတွေအားလုံး လွတ်မြောက်သွားပါတော့တယ်။ ကျွန်တော်လည်း နေမထိထိုင်မသာဒုက္ခက လွတ်မြောက်သွားပါတော့တယ်။ အခက်အခဲ တစ်ခုခုကြုံလာတိုင်း ဘယ်လိုဖြေရှင်းမယ် ဆိုတဲ့နည်းလမ်းကို မစဉ်းစားတော့ပါဘူး။ မျက်စေဖွင့်နားစွင့်ထားပြီး ဒါမျိုးဖြစ်လာရင် ဖြေရှင်းတဲ့သူ တစ်ယောက်ယောက်တော့ရှိမယ်။ အတုယူမယ်။ အဲဒီလမ်းကြောင်းလေးအတိုင်း မျှောလိုက်ပြီး ဖြေရှင်းလိုက်တာပဲ။ နည်းနည်းအချောင်လိုက်တဲ့ ...... ဒီ့ထက်ပိုပြောရရင် လူပါးဝတဲ့နည်းနဲ့ ဖြေရှင်းပါတယ်။ တော်တော်လေးသက်သာပါတယ်။
_________ ။  ________


ဒီကနေ့ ကျွန်တော့်ရဲ့ အတွေးထဲမှာ ပေါ်လာတဲ့အသက်အရွယ်အရ ပြောင်းလဲလာတဲ့ ကျွန်တော့်ရဲ့ အခက်အခဲဖြေရှင်းနည်းတွေကို စကာတိုက်ချလိုက်တဲ့အခါ ဒီလိုတွေ့ရပါတယ်။

နံပါတ်(၁)ဖြေရှင်းနည်း

ပေါ့ပေါ့ပါးပါးပါပဲ။

                  
(ဘယ်နှစ်ကြိမ်မှားမှား နောက်ဆုံးတော့အောင်မြင်တာပဲလေဆိုတဲ့  အတွေးနဲ့ပေါ့)  

နံပါတ်(၂)ဖြေရှင်းနည်း

နည်းနည်းတော့ပင်ပန်းတယ်။



(ငါအောင်မြင်မှဖြစ်မယ်။ ငါလုပ်နိုင်တယ်။ ငါကွ.....ဆိုတဲ့မာန်တွေးလေးနဲ့ပေါ့)
 
နံပါတ်(၃)ဖြေရှင်းနည်း
   
တော်တော်လေးသက်သာပါတယ်။

   

( သူများနည်းလမ်းကို ဘယ်တော့မှမခိုးဘူး.....ငါလည်း ဒီလိုပဲ ဖြေရှင်းလိုက်တာ.....ပုံစံတူသွားလို့သာ ဆိုတဲ့ ဇွတ်လိမ်ထားတဲ့ အတွေးနဲ့ပေါ့)


ဘယ်အတွေးက ပိုကောင်းတယ်။ ဘယ်နည်းနဲ့မှ ဖြေရှင်းသင့်တယ်  ဆိုတာကတော့ ..... .....  .....။      ။

 

ကိုကြည်နိုင်
_____________________________________


ကျွန်တော့်ရဲ့ ရောက်တတ်ရာရာအတွေးစတွေကို ရေးတတ်သလိုရေးချကြည့်လိုက်တာပါ...

Thursday, December 6, 2012

ကျွန်တော်နှင့် ကျွန်တော်၏ မိုးပြာရောင် ဆုတောင်းများ



ကျနော့်ကို ရဲရင့်ခွင့်ပေးပါ

ကျနော့်ရဲ့သွေးကိုတော့

အဖြူသက်သက်ပဲ ပေးပါအရှင်

အနီရောင်တွေကို မုန်းလှပါပြီ။

ကျနော့်နှလုံးသားရဲ့

တစ်သက်တာ အမှတ်တံဆိပ်အဖြစ်

ဂျိုးဖြူငှက်ရုပ် ခတ်နှိပ်ပေးပါအရှင်။


ကျနော့်ကို ပြတ်သားခွင့်ပေးပါ

လူသားချင်း သံယောဇဉ်ကြီးခွင့်တော့ ပြုပါအရှင်

``ရန်သူ´´ ဆိုတဲ့ စကားလုံး

ကျနော့်မှတ်ဥာဏ်မှ အပြီးတိုင် ပယ်ဖျက်ပေးလှည့်ပါ။


ကလေးငယ်တွေရဲ့

ပျော်ရွှင်မြူးတူး ကစားသံတွေပဲ ကြားခွင့်ပြုပါ

အစာငတ်သံ၊ မိဘမဲ့ငိုသံတွေသာ ညံနေမယ်ဆို

ကျနော့်မှာ ...  ...

နားတစ်စုံ ပါလာခွင့် ရုပ်သိမ်းပေးပါအရှင်။


မြက်ခင်းတိုင်း စိမ်းတဲ့ကမ္ဘာ

ကလေးတိုင်း ပျော်ခွင့်ရတဲ့ကမ္ဘာ

ယမ်းခိုး ယမ်းငွေ့တွေအစား

တောင်ယာမီးခိုးတွေနဲ့ မှုံလဲ့ပြာရီနေတဲ့ကမ္ဘာမှာသာ

ဘ၀အဆက်ဆက်

လူအဖြစ် သံသရာလည်ခွင့်ပြုပါအရှင်။




ကိုကြည်နိုင်

 _____________________________________________________________

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလထုတ် ``ပိတောက်ပွင့်သစ် စာပေအနုပညာ မဂ္ဂဇင်း´´ မှာ ဖေါ်ပြခံခဲ့ရတဲ့
ကျနော့်ကဗျာလေးပါ။


Sunday, August 5, 2012

ကျောက်သင်ပုန်းလေးတစ်ချပ်



(၁)

“အဘ .. အဖွားကို သတိရနေတာလား”
လူနာကုတင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်ပြီး ပြတင်းပေါက်မှတဆင့် ဘယ်ဆီမှန်းမသိတဲ့အရပ်ရှိရာ ငေးရီမျှော်တွေးနေတဲ့ အဘကို ဆရာဝန်လေးက ချစ်စနိုးနောက်လိုက်တယ်။ ဒီလူနာအဘက အငြိမ်းစားကျောင်းဆရာကြီးတစ်ယောက်ဆိုတာရယ်၊ ဇနီးသည် ဆုံးပါးသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဆိုတာရယ်၊ သားသမီးတွေနဲ့နေပြီး ဘ၀ကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတာရယ်၊ ဒါတွေကို ဆရာဝန်လေးက သိထားပြီးသား။ အကူအတွဲမပါပဲ ထနိုင်ထိုင်နိုင်ပြီး ဟိုနားဒီနား လျှောက်နိုင်နေတာရယ်ကြောင့် အဘရဲ့ အခြေအနေဟာ လူနာတစ်ယောက်လိုမဟုတ်တော့ပဲ သာမန် သက်ကြီးရွယ်အိုတစ်ယောက်က ဆေးရုံမှာ လာရောက် အနားယူနေသလို ပုံစံမျိုး။ တစ်ခါတစ်ရံ နေ့ခင်းနေ့လည် အလုပ်ပါးချိန် အဘလည်း အိပ်မနေဘူးဆိုရင် ဆရာဝန်လေးနဲ့ စကားလက်ဆုံကျနေမြဲ။ အငြိမ်းစားကျောင်းဆရာကြီးတစ်ယောက်ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးတစ်လျှောက်က အတွေ့အကြုံ၊ ဗဟုသုတ၊ မှတ်သားစရာပေါင်းများစွာကို ဆရာဝန်လေးက နှစ်နှစ်ခြိုက်ခြိုက် နားထောင်လေ့ရှိမြဲ။

တစ်ခါတစ်ခါတော့ အခုလိုမျိုး ဘယ်သူနဲ့မှ စကားပြောချင်ပုံမရပဲ တစ်ယောက်တည်း ငေးငေးငိုင်ငိုင်ရှိနေတတ်ပြန်ရော။ အခုလည်း ဆရာဝန်လေးက လူနာခန်းထဲဝင်အလာ ဟိုး … ခပ်ဝေးဝေးတစ်နေရာဆီ ငေးမျှော်နေတဲ့အဘကို တွေ့လိုက်ရလို့ အခုလို စိတ်ပြေရာပြေစေကြောင်း ခပ်သောသောလေး မေးလိုက်တာ။ အဘရဲ့ မျက်နှာက ဆရာဝန်လေးဘက် ခပ်ဖြည်းဖြည်း လှည့်လာပြီး …
“အဘွားကို … ဟုတ်လား .. အင်းသတိရတာပေါ့။ နှစ်ပေါင်းများစွာ ဘ၀ကို အတူတွဲဖြတ်သန်းခဲ့ကြသူတွေပဲကွယ်။”
ပြုံးတုံ့တုံ့ ရှက်ဝဲ၀ဲအပြုံးနဲ့ အဘက ပြန်ဖြေတယ်။ ဆရာဝန်လေးက သူစတွေ့လိုက်တုန်းကလိုမဟုတ်ပဲ အဘမျက်နှာ နည်းနည်း ကြည်သွားတာနဲ့ စနောက်ချင်စိတ်ပေါ်လာပြီး
“ဒါဆို … … … အခုနေ အဘကို တန်ခိုးရှင်တစ်ယောက်ယောက်ကများ အတွေ့ချင်ဆုံးတစ်ယောက်နဲ့ တွေ့ခွင့်ပေးမယ်ဆို အဘွားပဲ ဖြစ်ရမယ်။ ဟုတ်ရဲ့လားအဘ ဟီး”

ဆရာဝန်လေးပြောသမျှကို မျက်နှာကြည်ကြည်လေးနဲ့ ထိုင်နားထောင်နေတဲ့အဘ ပြတင်းပေါက်ရှိရာ ပြန်လှည့်ငေးမျှော်သွားပြီး တစ်စုံတစ်ရာကို ခပ်တိုးတိုးလေး ရေရွတ်နေတယ်။ ဆရာဝန်လေးလည်း သူနောက်လိုက်တာ အဘရဲ့ ခံစားချက်ကို ပြန်အစဖေါ်မိသလိုများ ဖြစ်နေလေပြီလားလို့ စိုးရိမ်သွားတယ်။
“အဘ  အဘ ဘာပြောလိုက်တာလဲဟင် … ကျနော်တောင်းပန်ပါတယ်အဘ။ အဘကို အစဖေါ် …”
“ရပါတယ်ကွယ်။ ဆရာလေးသိချင်တာကို အဘဖြေပါ့မယ်။ ဖြေလည်း ဖြေချင်ပါတယ်။ အခုနေများ အတွေ့ချင်ဆုံးတစ်ယောက်ကို တွေ့ခွင့်ရမယ်ဆိုရင် အဘရဲ့ တပည့်လေးတစ်ယောက်ကို တွေ့ချင်တယ်။ သူ့ကို အဘ … ..”
“ဗျာ”

ဆရာဝန်လေး အံ့သြမယ်ဆိုလည်း အံ့သြလောက်တယ်လေ။ ဒီအဘ ဆေးရုံစတက်ကတည်းက အိမ်က သားသမီး မြေးမြစ်တွေသာမက၊ လာလိုက်တဲ့ တပည့်ဟောင်းတွေ။ လာသမျှတပည့်တွေကလည်း သူတို့ဆရာအတွက် စားစရာ သောက်စရာလေးတွေပါလာမြဲ။ ပြောရရင် လူနာတွေအားလုံးထဲမှာ ဒီအဘက ဧည့်တွေ့အများဆုံး။ စားစရာသောက်စရာဆိုရင်လည်း အနီးအနားက လူနာတွေကို အမြဲဝေခြမ်းပေးနေရတာ။ ဆရာဝန်တွေ၊ သူနာပြုတွေကိုတောင် တစ်ခါတစ်လေ လာလာပေးတတ်သေးတာ။ ဒီလောက်တပည့်တပန်းတွေ တဖွဲဖွဲ လာတွေ့နေကြတဲ့ကြားက တစ်ယောက်သော တပည့်ကိုမှ တွေ့ချင်သတဲ့။ အဘကိုကြည့်လိုက်တော့ ဒီလောက်အထိ ထိထိခိုက်ခိုက် ကြေကြေကွဲကွဲ ဖြစ်နေတာမျိုး ခုတစ်ခါသာ မြင်ဖူးတာမို့ ဆရာဝန်လေးလည်း ဘာမှ ဆက်မမေးတော့ပဲ အသာလေး လှည့်ထွက်လာခဲ့တယ်။ ရင်ထဲမှာတော့ အဘနဲ့ အဘရဲ့တပည့်တစ်ယောက်အကြောင်းကို သိချင်နေမိတယ်။


(၂)

“ဆရာ … ဆရာ … ထပါဦး။ အဘရယ် အမောဖေါက်နေလို့”
ညကတာဝန်ချိန်မှာ အတော်ညဥ့်နက်သည်အထိ အလုပ်များခဲ့လို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ဆရာဝန်လေးမှာ သူနာပြုဆရာမတစ်ယောက်ရဲ့ ရေးကြီးသုတ်ပြာ နှိုးသံကြောင့် ငေါက်ကနဲ ထထိုင်လိုက်ရင်း နာရီကိုတစ်ချက်ကြည့်လိုက်တော့ မနက်ငါးနာရီခွဲ။ ဂျူတီကုတ်ကောက်စွပ်လိုက်ပြီး အဘရှိရာ လူနာခန်းထဲအပြေးတပိုင်း ၀င်သွားလိုက်တယ်ဆိုရင်ပဲ …။ အဘရဲ့ ကုတင်ပတ်လည်မှာ အခြားဆရာဝန်တစ်ယောက်နဲ့ သူနာပြုတွေ ၀ိုင်းနေကြတယ်။ လက်မှာဆေးပိုက်တွေတန်းလန်း၊ နှာခေါင်းမှာ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ အဘက ကုတင်ပေါ်မှာ အသိမဲ့။ ပိန်ချိချိရင်အုံလေးကတော့ နိမ့်ချည်မြင့်ချည်။ အသက်ကို ပင်ပန်းတကြီး ခက်ခက်ခဲခဲ ရှူသွင်းနေရပုံ။ သူဝင်သွားတော့ သူနာပြုတစ်ယောက်က ခပ်တိုးတိုးလှမ်းပြောတယ် အဘသတိမရဘူးတဲ့။

“ခွဲစိတ်ဖို့ လိုပါမယ်။ လူနာရဲ့ အခြေအနေကတော့ မီးစာကုန်ဆီခမ်းအရွယ်မို့ ကျနော်တို့ဘာမှ မပြာနိုင်ပါဘူး။ ၅၀- ၅၀ ပါပဲ။ အတတ်နိုင်ဆုံးတော့ ကျနော်တို့ဘက်ပါအောင် ကြိုးစားပါ့မယ်။ နှလုံးရောဂါဆိုတာမျိုးကလည်း ခက်သားလားဗျာ။ ခုကောင်းပေမယ့် တော်ကြာ ထဖောက်ရင် ဖောက်တာ”
အဘရဲ့ မိသားစုဝင်တွေကို ဆရာဝန်ကြီးက ရှင်းပြနေတော့ အဘကျန်းမာပါစေကြောင်း ဆရာဝန်လေးလည်း ဆုတောင်းပေးနေမိတယ်။ နောက် .. ဒီခွဲစိတ်မှုမှာ သူကိုယ်တိုင် ဆရာဝန်ကြီးကို ၀င်ကူရမှာမို့ …။

*****

အချိန်အတော်ကြာတဲ့ ခွဲစိတ်မှုအပြီးမှာတော့ နားနေခန်းထဲမှာ ဆရာဝန်လေး ခြေပစ်လက်ပစ် ထိုင်နေမိတယ်။ ခွဲစိတ်မှု အောင်မြင်စွာ ပြီးသွားပေမယ့် အဘရဲ့ အခြေအနေက ဘာမှစိတ်ချလို့မရသေး။ အခုလောလောဆယ်တော့ မေ့ဆေးအရှိန်ကြောင့် သတိပြန်လည်မလာသေးချိန်။ သတိရော ပြန်လည်လာဦးမှာလား။ ဒါမှမဟုတ် လုံးဝ သတိပြန်မလည်တော့ပဲနဲ့ ဒီလိုနဲ့ပဲ အဘ ထွက်ခွာသွားတော့မှာလား။ မသိ …။ ဆရာဝန်လေးမသိနိုင်သလို။ ဘယ်သူမှလည်း မသိနိုင်သေးဘူး။ အဘရဲ့ ကံတရားသာ။ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပေးရုံမှအပ ဘာများတတ်နိုင်ဦးမှာလည်း။

“ဆရာ .. ဒီမှာ။ ဆရာတို့ခွဲခန်းဝင်နေတုန်းက အဘကုတင်အောက်မှာ ကျနေတာတွေ့လို့ ကျွန်မသိမ်းထားပေးတာ။ အဘရဲ့ ဒိုင်ယာရီလို့ ထင်တယ်။ သူ့မိသားစုတွေ ဗျာများနေကြတုန်းမို့ ဆရာ့ဆီ ခဏသိမ်းထားပေးဖို့ ..”
တာဝန်ကျသူနာပြုဆရာမကမ်းပေးလာတဲ့ အဘရဲ့ဒိုင်ယာရီလေးကို လှမ်းယူထားလိုက်ရင်း အဘရဲ့စကားအချို့ကို ဆရာဝန်လေး ပြန်ကြားယောင်နေမိတယ်။

“အခုနေများ အတွေ့ချင်ဆုံးတစ်ယောက်ကို တွေ့ခွင့်ရမယ်ဆိုရင် အဘရဲ့ တပည့်လေးတစ်ယောက်ကို တွေ့ချင်တယ်။”
ခွင့်လွှတ်ပါအဘ။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာဆိုတာကို ၀င်စွက်ဖက်တာဟာ ရိုင်းပြမှုတစ်ခုပဲ ဆိုတာ ကျနော်နားလည်ပါတယ်။ ဒါပေမယ့် အဘနဲ့ အဘရဲ့တပည့်တစ်ယောက်အကြောင်းမှာ မှတ်သားစရာ၊ အတုယူစရာ တစ်ခုခု ရှိနေမှာပဲဆိုတာ ကျနော်ယုံတယ်။ ဒီ ဒိုင်ယာရီထဲမှာ အဲဒါကို တွေ့ရလိမ့်မယ်လို့လည်း ကျနော်ထင်တယ်အဘ။ ကျနော့်ကို ဖတ်ကြည့်ခွင့်ပြုပါ။ အတွေးနဲ့အတူ ဆရာဝန်လေးက သားရေဖုံးအစိမ်းရောင်လေးနဲ့ သပ်သပ်ယပ်ယပ် ဖုံးထားတဲ့ ဒိုင်ယာရီစာအုပ်လေးရဲ့ စာမျက်နှာတွေကို တစ်ချပ်ချင်း … တစ်ရွက်ချင်း …။

(၃)

၁၉၈၁ ခုနှစ်၊ ဇွန်လ (၁) ရက်။


ဒီကနေ့ ကျောင်းတွေ စဖွင့်ပြီ။ အနာဂတ်ရဲ့ ပန်းဖူးပန်းငုံလေးတို့ အသံစာစာကို ပြန်ကြားရတော့မယ်။ ပျင်းရိငြီးငွေ့စရာကောင်းလှတဲ့ ငါ့ရဲ့ နွေရာသီအားလပ်ရက်များ ကုန်ဆုံးပြန်ပေါ့။



၁၉၈၁ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်။


ငါ့ရဲ့ မနက်ခင်းတိုင်းဟာ လှပလို့နေတော့တယ်။ “မင်္ဂလာပါဆရာ” ဆိုတဲ့ အသံလေးတွေနဲ့ မနက်တိုင်း စတင်ထိတွေ့ခွင့်ရတဲ့အတွက် ကံတရားကို ငါကျေးဇူးတင်တယ်။
ဒီနေ့ စာသင်ချိန်တစ်ဝက်လောက်မှာပဲ ပြဿနာသေးသေးလေးတစ်ခု စကြုံရတယ်။ ဒီနှစ်အဖို့ ပထမဆုံးကြုံတာပေါ့။ အတန်းရဲ့ ဟိုးနောက်ဆုံးနားက ကလေးလေးပါ။ ငါက သင်ပြီးသွားတဲ့စာတွေကို ကျောက်သင်ပုန်းမှာ ရေးပြီး ဆရာ့ကို လာပြကြလို့ ပြောပြီး ထိုင်စောင့်နေတယ်။ သိပ်မကြာခင်မှာပဲ ကလေးတစ်ယောက် ငိုသံကြားလို့ ငါလှမ်းကြည့်တော့ ကျောင်းသားလေးတစ်ယောက် သူ့ကျောက်သင်ပုန်းလေးကိုင်ပြီး ငါ့ဆီလာတိုင်တယ်။ သူရေးထားတာတွေကို ဘေးက ကျောင်းသားက ဖျက်ပစ်လိုက်လို့တဲ့။ ဖျက်ပစ်တယ်ဆိုတဲ့ ကျောင်းသားကို ခေါ်ပြီး ငါကအဆင်သင့်ရှိနေတဲ့ သစ်သားပေတံလေးနဲ့  ခပ်ဆတ်ဆတ်လေး နှစ်ချက်ရိုက်လိုက်တယ်။ နောက်ကို ဒီလိုမဆော့ဖို့လည်း ဆုံးမလိုက်တယ်။ အင်း .. ကလေးတွေနဲ့ နေရတာ ဒီလိုလေးတွေလည်း တစ်ခါတစ်ခါ ရှိမှာပေါ့။


၁၉၈၁ ခုနှစ်၊ သြဂုတ်လ (၅) ရက်။


ထပ်ဖြစ်ပြန်ပြီ။ သူများကျောက်သင်ပုန်းပေါ်ကစာကို ဖျက်ပစ်တဲ့ကိစ္စ၊ အဖျက်ခံရတာတော့ နောက် ကျောင်းသားတစ်ယောက်ပါ။ ဒါပေမယ့် ဖျက်တဲ့သူက အရင်တစ်ခါက ကလေးလေးပဲ။ ငါစိတ်ထဲ နည်းနည်းတိုသွားတယ်။ ဘယ့်နှယ် ပေတံနဲ့ရိုက်လွှတ်လိုက်တာမှ ရက်ပိုင်းလေးရှိသေး။ ဒီအတိုင်း ထပ်ဆော့ပြန်ပြီ။ ဖျက်တဲ့ ကလေးလေးက ငါ့ရှေ့မှာ လက်ကလေးပိုက်ပြီး ခေါင်းလေးငုံ့ထားတယ်။ ကျောင်းဝတ်စုံ အတော်နွမ်းနွမ်းလေးနဲ့ ကလေးလေးကိုကြည့်ပြီး ငါ့ဒေါသတွေ ပြေးထွက်ကုန်ပြီ။ ဘာကြောင့် ဆရာဆုံးမထားပါရဲ့နဲ့ ဒီလိုထပ်လုပ်ရတာတုန်းလို့ မေးတော့ ခေါင်းကိုသာတွင်တွင်ငုံ့ထားပြီး ဘာမှ ပြန်မဖြေဘူး။ ငါ .. သစ်သားပေတံလေးနဲ့  ခပ်ဆတ်ဆတ်လေး နှစ်ချက်ရိုက်လိုက်တယ်။



၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်။


ဒီတစ်ကြိမ်တော့ သင်းကလေး လွန်လွန်းပြီ။ ဘယ်လိုအကျင့်ဆိုးမှန်းမသိ။ သူများကျောက်သင်ပုန်းက စာကို ဖျက်လိုက်ပြန်ပြီ။ ငါ့ရှေ့မှာ လက်ကလေးပိုက်ပြီး ယို့ယို့လေးရပ်နေတဲ့ ကျောင်းသားကိုကြည့်ပြီး တတ်လည်းတတ်နိုင်တဲ့ကောင်လို့ ငါတွေးနေမိတယ်။ ခုကျတော့ သူမဟုတ်တဲ့ အတိုင်း။ ဘာကြောင့် ဖျက်ပစ်တယ်ဆိုတာကို ငါမေးတော့ ထုံးစံအတိုင်း တုံနှိဘာဝေ။ ပေါင်မရှိတဲ့ ကျောက်သင်ပုန်းအပဲ့လေး ကိုင်ထားတဲ့ ကလေးလေးကိုကြည့်ပြီး ငါ့ဒေါသကို ငါမနည်းထိန်းနေရတယ်။
“ပြော .. မင်းဘာကြောင့် သူများကျောင်သင်ပုန်းပေါ်ကစာတွေ ဘာကြောင့်ဖျက်ပစ်တာလဲ”
ငါ့လေသံနည်းနည်းမာသွားတော့ ကလေးလေး ဆတ်ကနဲ တစ်ချက်တုန်သွားတယ်။ ပြီး အသံတိမ်တိမ်လေးနဲ့ …
“သူတို့ … သူတို့ ကျောက်သင်ပုန်းတွေက အသစ်မို့လို့ပါဆရာ” တဲ့။
ကလေးတစ်ယောက်မှာ ဒီလောက်ကြီးတဲ့ ၀န်တိုမှုကြီးရှိနေတာ ငါလုံးဝစိုးရိမ်သွားတယ်။ ထုံးစံတိုင်း ပေတံနဲ့ ခပ်ဆတ်ဆတ်လေး နှစ်ချက်ရိုက်လိုက်ပြီးတော့ အဲဒီလို မနာလိုဝန်တိုစိတ် မမွေးသင့်ကြောင်း ဆုံးမရသေးတယ်။

၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ (၁၇) ရက်။


ဒီလကုန်ရင် ဒီကျောင်းကလေးကနေ ငါပြောင်းရတော့မယ်။ ရာထူတိုးနဲ့ ပြောင်းရမှာ ဖြစ်ပေမယ့်လို့ စာသင်နှစ်မကုန်ပဲ ငါ့တပည့်တွေကို ထားခဲ့ရမှာမို့ ငါမပျော်နိုင်ဘူး။ သူတို့ကို စိတ်မချဘူး။
ငါမပြောင်းခင်လေးမှာပဲ အရင်လို ပြဿနာက ထပ်ဖြစ်လိုက်သေးတယ်။ ဒီတစ်ခါတော့ ကလေးလေးကို ငါ စကားတွေ ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ ပေတံလေးနဲ့ ခပ်ဆတ်ဆတ်နှစ်ချက်ရိုက်ပြီးတယ်ဆိုရင်ပဲ နောက်ထပ်မဖြစ်အောင် သင်းကလေး တစ်သက်စာ မှတ်သွားမယ့်စကားမျိုး ငါပြောချလိုက်တယ်။
“မင်းဟာ မနာလိုစိတ် အင်မတန်ကြီးတဲ့ကောင် ..”
ငါမှန်းဆထားတဲ့အတိုင်းပဲ ခေါင်းငုံ့ထားတဲ့ ကလေးလေး ဆတ်ကနဲ ခေါင်းမော့လာတယ်။ မျက်ရည်ဝဲနေတဲ့ မျက်ဝန်းလေးတွေကို ငါဘယ်တော့မှ မေ့မှာမဟုတ်တော့။ နှုတ်ခမ်းလေးတွေ တဆတ်ဆတ်တုန်နေပြီး တစ်ခုခုပြောချင်နေပုံရတယ်။ ဒါပေမယ့် ဘာမှမပြာပဲ ငါ့ရှေ့ကနေ လက်ကလေးပိုက်ပြီး လှည့်ထွက်သွားတယ်။ ဒါ .. ဒီကလေးနဲ့ ငါနဲ့၊ ဒီကျောင်းလေးနဲ့ ငါနဲ့ နောက်ဆုံးတွေ့ဆုံခြင်းပဲ။


၁၉၈၂ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့။


ကျောင်းစဖွင့်တဲ့နေ့ဖြစ်ပေမယ့် ငါမပျော်နိုင်ဘူး။ ငါ့စိတ်ထဲမှာ တစ်စုံတစ်ယောက်ကို သတိရနေတယ်။ ကလေးတစ်ယောက်အပေါ်မှာ ငါ အရမ်းရက်စက်ခဲ့မိတယ်။ နောက်လူတွေ၊ ငါ့တပည့်တွေက ဆရာဖြစ်ကြတဲ့အခါ ငါ့လို မမှားကြဖို့ ငါဆုံးမရမယ်။
ကလေးတစ်ယောက်ကို “မင်းဟာ မနာလိုစိတ် အင်မတန်ကြီးတဲ့ကောင်” လို့ ဘယ်တော့မှ သွားမပြောမိကြပါစေနဲ့။ ကလေးလေးတွေဟာ အဖြူထည်သက်သက်လေးတွေပါ။ ငါ့ရဲ့ ကလေးလေးဆိုပါတော့ ငါကပြောချလိုက်တဲ့အချိန်မှာ သူ့ခမြာ သိပ်ကို ခံစားသွားရရှာမှာ။ အရမ်းဝမ်းနည်းသွားမှာပဲ။ ငါအခုသိပြီ။ သူကလေးက ကျောက်သင်ပုန်းအပဲ့လေးနဲ့မို့ ငါ့ဆီစာလာမပြရဲဘူး။ စာလာမပြပဲလည်း တစ်ယောက်ထဲ ကျန်မနေခဲ့ရဲဘူး။ ဒီတော့ သူများတွေလည်း သူ့လို စာမပြနိုင်အောင် ဖျက်ပစ်တာပါ။ အဖေါ်ရှာတာ။ အားကိုးရှာတာနေမှာပါ။ တစ်ယောက်တည်း မနေရဲတဲ့ သိမ်ငယ်စိတ်ပေါ့။ နောက်တော့ … အဲဒီကလေးလေး ကျောင်းထွက်သွားရတယ်တဲ့။ မိဘက မတတ်နိုင်တော့လို့ ကျောင်းထုတ်လိုက်ရတာဆိုပဲ။ ဒီသတင်းဆိုးကို ကြားလိုက်ရတော့ ငါ မျက်ရည်တောင်လည်မိတယ်။ ငါ့ကလေးလေးကို ငါတွေ့ချင်လိုက်တာ။ သူ့ကို ငါက ဒေါသထွက်လို့ ပြောမိတာပါဆိုတဲ့အကြောင်း။ သူဟာ မနာလိုကြီးတဲ့သူမဟုတ်ကြောင်း ပြောပြချင်လိုက်တာ။ အခု .. အပြင်လောကမှာ သူကလေး ဘယ်လောက်အားငယ်နေရှာမလဲ။ ငါ အားပေးနှစ်သိမ့်ချင်လိုက်တာ။ ကျောင်းဝတ်စုံလေးတွေ မြင်တိုင်း သူကလေး ဘယ်လောက် ကြေကွဲရှာမလဲ။ သူ့ရဲ့ ကျောက်သင်ပုန်းအပဲ့လေးရော ရှိသေးရဲ့လား။ တစ်ချိန်ချိန်တော့ ပြန်တွေ့ခွင့်ရချင်ပါသေးတယ် သားရယ်။



(၄)

“ဆရာ .. ဆရာ .. အဘ အခြေအနေမကောင်းဘူး”
ခွဲစိတ်ပြီးကတည်းက ကုတင်ပေါ်မှာ သတိလည်လာသလိုလိုဖြစ်လိုက်၊ သတိပြန်လစ်သွားလိုက် ဖြစ်နေတဲ့အဘ။ ဒီနေ့ဆိုရင် ၃ ရက်ရှိပြီ။ တာဝန်ကျသူနာပြုရဲ့ စကားအဆုံး ယူစရာရှိတာတွေယူပြီး အဘရှိရာ လူနာကုတင်ကို ဆရာဝန်လေး ရောက်လာခဲ့တော့ အဘဆီမှာရှိနေခဲ့တဲ့ တို့လို့တန်းလန်းပိုက်တွေအားလုံး ဖြုတ်ထားကြပြီ။ ဒါဆို အဘအခြေအနေမကောင်းဘူးဆိုတာ အမှန်ပေါ့။ ဆရာဝန်လေးသူ့အနားကိုရောက်တော့ အဘမျက်လုံးလေး နည်းနည်းပွင့်လာတယ်။ ဘာကိုမှတော့ မြင်ဟန်မရှိဘူး။ တဖြည်းဖြည်းချင်း ကြိုးစားပြီး မြင်အောင်ကြည့်နေပုံ။ ဆရာဝန်လေးက အဘရဲ့ လက်ကလေးကို ဆုပ်ကိုင်ပြီး ခပ်တိုးတိုးခေါ်ကြည့်တော့ .. သူ့ဘက်လှည့်လာတယ်။ ကြိုးစားဖွင့်ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ ဆရာဝန်လေးကို ခပ်ဝါးဝါးတော့ မြင်လေသလားမသိ။

“သ .. သား  …  ဆရာလေး”
“ဆရာလေးလို့ မခေါ်ပါနဲ့ အဘရယ်။ သားလို့ပဲခေါ်ပါ .. နော် … ဒီမှာကြည့်ပါဦး ဒါ ဘာတွေလဲလို့”
ဆရာဝန်လေးက လက်ထဲကပစ္စည်းလေးကို အဘရဲ့ ချိနဲ့ပိန်လှီလွန်းလှတဲ့ လက်ကလေးထဲ ထည့်ပေးလိုက်တော့  တဖြည်းဖြည်း ထိကိုင်ကြည့်ရင်း  …
“ကျ ..ကျောက်သင်ပုန်း အပဲ့လေး ..”
“ဟုတ်ပါတယ်အဘ … နောက် ဒီမှာရှိသေးတယ်အဘ။ ရော့ ဒါလေးကိုယူ”
ဆရာဝန်လေးက အဘရဲ့ လက်တုန်တုန်လေးထဲ သစ်သားပေတံလေးတစ်ချောင်း ထည့်ကိုင်ပေးလိုက်ရင်း အဘရှေ့ လက်ဝါးဖြန့်ပေးလိုက်တယ်။
“မင်းဟာ မနာလိုစိတ် အင်မတန်ကြီးတဲ့ကောင်လို့ ပြောပြီး ခပ်ဆတ်ဆတ်လေး နှစ်ချက်လောက် ရိုက်လိုက်ပါဆရာ”
“ဟာ .. ဆ .. ဆရာလေး  … သ ..သားဟာ …”

အဘရဲ့ ဘာကိုမှ အသေအချာမြင်ပုံမရတဲ့ မျက်ဝန်းအစုံ တောက်ပသွားလိုက်ပုံများ။ မျက်ရည်တစ်စ အပြုံးတစ်ပွင့်နဲ့ အတူ။ ဆရာဝန်လေး နားလည်လိုက်တယ်။ အဘရဲ့မျက်ရည် … ဒါ ၀မ်းသာလွန်းလို့ကျလာခဲ့တာ။ သူ့ဘ၀ရဲ့ အမျှော်လင့်ဆုံးအရာကို အဘရခဲ့ပြီ။ မျှော်လင့်တဲ့နေ့ကို တကယ်ပဲ ရောက်လာခဲ့ပြီ။ ဆရာဝန်လေးလည်း ပါးပြင်ပေါ် စီးကျလာတဲ့ မျက်ရည်တွေကို မမြင်နိုင်တဲ့အဘ မြင်သွားမှာစိုးစိုးရိမ်ရိမ်မို့ ကွယ်သုတ်ရင်း …
“ဟုတ်ပါတယ်ဆရာ။ ဆရာရဲ့ အဲဒီဆုံးမစကားကြောင့်ပဲ ကျနော်တစ်သက်လုံး လိမ္မာသွားခဲ့တာ အခုအခြေအနေ ရောက်တဲ့အထိပဲပေါ့။”
“သားရယ် .. ဆ   … ရာ .. ၀မ်း … … ..သာ … … ”


 (၅)

“ဆရာ့ကို မေးမယ် မေးမယ်နဲ့ မမေးဖြစ်သေးဘူး။ ဟိုရက်ထဲတုန်းကလည်း အဘရဲ့ နာရေးကိစ္စတွေနဲ့ ဆရာ အလုပ်များနေတာနဲ့ … ”
“ဘာများလဲဆရာမရဲ့ မေးပါ။ ကျနော်ဖြေနိုင်တာဆို ဖြေမှာပေါ့။”
သူနာပြုဆရာမလေးက ချိတုန်ချတုန် စဉ်းစားနေရင်း ..
“ ဟို … ဆရာက … အဘရဲ့တပည့် .. အဲ ..  အဘသိပ်တွေ့ချင်နေတဲ့ တပည့်လေးပေါ့နော်..”
“မဟုတ်ပါဘူးဆရာမ … ကျနော် အဘရဲ့တပည့် မဟုတ်ပါဘူး။ နေ၀င်လုလုအဘိုးအိုတစ်ဦးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ပေးရုံသက်သက်ပါ။”



ကိုကြည်နိုင် (ကျုံတိုင်းရွာ)