Wednesday, September 21, 2011

ကျနော်၊ ခင်ဗျား၊ သူ ... အားလုံးအတူတူပါပဲ

အား !

အားရပါးရအော်ဟစ်ခွင့်လေး တစ်ကြိမ်လောက်ဖြစ်ဖြစ် ရချင်စမ်းပါဘိ။ ခုတော့သူ့မှာအော်ဟစ်ခွင့်မရ။ အော်ဟစ်နိုင်စွမ်းမရှိ။ ဒီ..အေးစိမ့်မဲမှောင်နေတဲ့ ငရဲခန်းက လွတ်မြောက်ချင်လှပြီ။ ဖိအား၊ အမှောင်၊ အေးစက်ခြင်းမှလွဲပြီး ဘာမှမရှိတဲ့နေရာမှာ သူ့ဘ၀ကို အဆုံးသတ်မခံနိုင်။ သူလွတ်မြောက်ရမည်။ ဒီ့အတွက် သူကြိုးစားရမည်။ သူအတောင့်တဆုံး အလိုလားဆုံးက လက်ရှိအခြေအနေနဲ့ လုံးဝဆန့်ကျင်ရာ။ လွတ်လပ်ခြင်း၊ အလင်းရောင်၊ နွေးထွေးမှု၊ ....ဒါတွေအားလုံးကို ရရှိပိုင်ဆိုင်နိုင်ဖို့ သူကြိုးစားရမည်။ သူလွတ်မြောက်ရမည်ဟု ခိုင်ခိုင်မာမာ .... .... ... ။


သူ့ခန္ဓာကိုယ်ယဲ့ယဲ့လေးမှာ ရှိသမျှခွန်အားတွေ အကုန်စိုက်ထုတ်ပြီး တစ်ချက်လွန့်ကြည့်လိုက်သည်။ ဖိညှပ်ထားလေသမျှ ကျောက်ဆိုင်ကျောက်ခဲ၊ သစ်မြစ်သစ်ဆုံများက မာကြောလွန်းပေစွ။ အရာအထောင်အသောင်းသော သူ့ရှေ့မှလွတ်မြောက်သွားသူတို့၏ လှပသောအနာဂါတ်ကို မြင်ယောင်ကြည့်လိုက်သည်။ ပြီးပြည့်စုံသော လွတ်မြောက်ခြင်းကို ပိုင်ဆိုင်နေကြပေမည်မလွဲ။ သူလည်းကြိုးစားရမည်။ သူလည်းလွတ်မြောက်ရမည်။ ကြုံတွေ့လာရမည့် အခက်အခဲများအားလုံးကို သူဖြတ်ကျော်နိုင်ရမည်ဟု ခိုင်ခိုင်မာမာ .... .... .... ။


သူ အကြိမ်ကြိမ်ကြိုးစားပြီးနောက် .... ....။ လွတ်မြောက်ပြီ။ သူ့ခန္ဓာကိုယ်ကို ဖိညှပ်ထားလေသမျှ အတားအဆီးအားလုံးမှ လွတ်မြောက်လာခဲ့ပြီ။ မဆုံးသေး။ ခုမှ အစပင်ရှိသေးသည်။ သူရည်ရွယ်သော လွတ်လပ်ခြင်း၊ အလင်းရောင် နှင့် နွေးထွေးမှုများကို ထိတွေ့ခွင့်ရရန် မိုင်ချီခရီးဆက်ရဦးမည်။ ရှေ့ဆက်ရမည့်ခရီးကား ပို၍ခက်ခဲသောခရီး၊ ပို၍ကြမ်းတမ်းသောခရီး။ သူ့အသက်နှင့်ခန္ဓာမြဲလျှက် လိုရာခရီးရောက်မည်၊မရောက်မည် မသေချာ။ သို့သော် ....သူစမိသည့်ခရီး ဆုံးအောင်လျှောက်ရပေမည်။ သူအောင်မြင်ရမည်ဟု ခိုင်ခိုင်မာမာ ... ... ... ။


ပင်ပန်းလွန်းပေစွ။ လွန့်ကာလူးကာဖြတ်သန်းခဲ့ရသည့်လမ်း။ ခုချိန်ထိ အလင်းရောင်စို့စို့ မမြင်ရသေး။ ဖိအားများမှ မလွတ်မြောက်နိုင်သေး။ သူုလိုချင်သည့် နွေးထွေးမှုကား အလွန်ဝေးကွာသောအရပ်မှာ။ ဝေးလွန်းလှ၏။ သို့သော် ... ရှိနေသည်ကား အသေအချာ။ ဆက် ...။ စမိသည့်လမ်း။ နောက်ပြန်လှည့်ခွင့်မရှိ။ ရှေ့သို့သာ။ ခရီးဆုံးသို့ သူ ရောက်ရမည်ဟု ခိုင်ခိုင်မာမာ ... ... ... ။


လိမ့်ကာလူးကာ၊ ကွေ့ကာဝိုက်ကာဖြင့် ဖြတ်သန်းလာခဲ့ရသည့် သူ့မိုင်ရှည်ခရီးကြမ်းကား ပန်းတိုင်နှင့် အတန်နီးကပ်လာခဲ့ပြီ။ ဖိအားတို့သိသိသာလျော့ကျ။ အလင်းရောင် ပြာရီဝိုးဝါးကို မြင်စပြုပြီ။ နွေးထွေးမှုကိုဖြင့် မခံစားရသေး။ ရှေ့ခရီးကား တစ်မိုင်ခန့်သာ။ ထိုတစ်မိုင်ခန့်ခရီးကိုပင် သူ့အသက်နှင့်ခန္ဓာ တွဲလျှက် မြဲမည်၊မမြဲမည် မသေချာ။ သို့သော် အလူးလူး အလိမ့်လိမ့်ဖြင့် ရှေ့ဆက်လှမ်း ...။


ရှေ့ခရီး ..... .....
မိုင်ဝက်ခန့်သာ .... ....
နောက် ... နှစ်ဖာလုံခန့် .... ....
ထို့နောက် ...တစ်ဖာလုံခန့် ... ...
နောက်ဆုံး ... ခရီးဆုံးသို့ ရောက်ခဲ့ပါပြီ။



လွတ်လပ်ခြင်း ... ...
အလင်းရောင် ... ...
နွေးထွေးမှု ... ...
တောင့်တလေသမျှ အရာအားလုံးကို ....


သူ

ထိ

တွေ့

ခွင့်



လိုက် .. .. ..


``ဖျပ်´´


သမုဒ္ဒရာကြမ်းပြင်အောက်မှ တိုးထွက်လာရသော ရေပူဖေါင်းလေးတစ်လုံး၏ စွန့်စားခန်း ဤတွင်ပြီးပါပြီ။
ရေမျက်နှာပြင်ပေါ်အရောက်တွင် ``ဖျပ်´´ ကနဲကွဲပျက်သွားရသော ရေပူဖေါင်းလေးတစ်လုံး အမှန်တကယ်ရှိခဲ့သည်ကို မိခင်သမုဒ္ဒရာကြီးကိုယ်တိုင်ပင် မသိလိုက်။ သူ့စွန့်စားခန်းကို သိလိုက်သူမရှိ။ အသိအမှတ်ပြုပေးမည့်သူမရှိ။ သို့သော် သူလိုလားတောင့်တလေသမျှကို ``လက်ဖျစ်တစ်တွက်စာလောက်´´ ခံစားသွားခဲ့ရသည်ကား အမှန်။
စွန့်စားသင့် မစွန့်စားသင့်၊ တန်၏ မတန်၏ ဆိုသည်ကိုတော့ .... ..... .... .... ....။ ။






ကိုကြည်နိုင်

23. June. 2010


1 comment:

  1. သူလိုလားတောင့်တလေသမျှကို ``လက်ဖျစ်တစ်တွက်စာလောက်´´ ခံစားသွားခဲ့ရသည်ကား အမှန်။
    စွန့်စားသင့် မစွန့်စားသင့်၊ တန်၏ မတန်၏ ဆိုသည်ကိုတော့ .... ..... .... .... ....။ ။

    ReplyDelete

Comment လေးတစ်ကြောင်း ဆိုပေမယ့်လို့ ကျနော့်အတွက်ကတော့

ဗီတာမင်တစ်သန်းပါ။ ကျေးဇူးပြုပြီး အခု Post နဲ့ပတ်သက်လို့

စာဖတ်သူရဲ့ ဝေဖန်စကားလေးပြောခဲ့ပါဦးခင်ဗျာ ...။