(၁)
မြ၀ါးရုံတောမှာ ကျောင်းတက်ခဲ့စဉ်ကာလက ကျနော်တို့အဖွဲ့ရဲ့ အမွှေအနှောက်လေးပါ။ အပျော်သက်သက်ပေါ့။ ပုသိမ်တက္ကသိုလ်မှာ ကျောင်းတက်ခဲ့တဲ့ လေးနှစ်အတွင်း အတော့်ကို မွှေတဲ့နှောက်တဲ့အဖွဲ့အဖြစ် ကျောင်းသားထုတစ်ရပ်လုံးရဲ့ မေတ္တာကို အခံယူရဆုံးအဖွဲ့ပေါ့ခင်ဗျာ။
(လမ်းမှာတွေ့ရင် အနည်းဆုံး မျက်စောင်းတော့ ထိုးသွားကြတာချည်းပဲ)
အဲ..ဒါပေမယ့် လျှော့တော့မတွက်နဲ့ခင်ဗျ...ကျနော်တို့အဲဒီလောက် နောက်တီးနောက်တောက်နေခဲတဲ့ကြားက အညာသားက ကောင်မလေးတစ်ယောက်နဲ့ အရင်ဆုံး ဈေးဦးပေါက် အိုကေသွားပါပြီ။ တစ်နေ့မှာပေါ့ .... .... .....
``ဟေ့ကောင်တွေ ....ငါ့ကို ကူညီကြပါဦးကွာ´´
အညာသားရဲ့ ညောင်နာနာလေသံလေးပါ။
``ကဲ..ပြောကွာ..ဘာဖြစ်လာလို့လဲ..မင့်ဘကြီး လေဖြတ်သွားလို့လား´´
``အာ! မဟုတ်ပါဘူး ..ဒီလိုကွာ ...ဟို ..ငါ့ကောင်မလေး ဆွေး ကလေ ....´´
``အမ်..ဘယ်လို ဆွေး ဟုတ်လား...နေစမ်းပါဦး မင်းနဲ့ကြိုက်နေတာ ဟိုမျက်မှန်အထူကြီးနဲ့ တရုတ်မ မကျင်ပုမဟုတ်လား....ဘယ့်နှယ် ဆွေးဖြစ်သွားရတာလဲ ဟကောင်ရ..´´
``ဟုတ်တော့ဟုတ်ပါတယ်ကွာ..သူ့နာမည်ကြီးက ခေါ်မကောင်းတာနဲ့ ငါ့ဘာသာပြင်ထားတာ ဟီး....´´
သေဟ ! တတ်လဲတတ်နိုင်ပါပေ့ ကိုရွှေအညာသားရယ်။
``အဲ.. ဒီလိုကွ ဆွေးကလေ ... ငါ့ကို တစ်ပတ်မှာမှ တစ်ရက်ပဲတွေ့ခွင့်ပေးတယ်ကွာ အဲဒါ´´
``အေး အဲဒါဘာဖြစ်လို့တုန်း´´
``အာ..ငါက ခဏခဏတွေ့ချင်တာကွ..ကြံကြစမ်းပါဦး သူငယ်ချင်းတို့ရယ် နော်...´´
စစ်ဆင်ရေးကား စ ပါလေပြီ။အိုဇုန်းလွှာပေါက်ပြဲပြီး ကမ္ဘာကြီး ပူနွေးလာတာ အရေးမပါလှ။ ခုကိစ္စကမှ တကယ့် အော်ပရေးရှင်းကြီးပေါ့။ စဉ်းစားစမ်း .....စဉ်းစားကြစမ်း ...စဉ်းစား...အဲ...ဟုတ်ပြီ။ ကျနော့်ခေါင်းထဲကဘတ်သီး ဖြန်းကနဲ လင်းသွားပါလေပြီ။
``အင်း...မင်း ကောင်မလေးက အရမ်း အသန့်ကြိုက်တယ်လို့ မင်းပြောခဲ့ဖူးတယ်နော်´´
ကျနော့်စကားအဆုံး အညာသားမျက်နှာလေး ၀င်းလက်သွားပြီး အားကိုးတကြီးနဲ့....
``ဟုတ်ပါတယ် ဥာဏ်ကြီးရှင်ရယ် ညွှန်ကြားတော်မူပါ ...´´
``အေး...ဒီလိုလုပ်ကွ xxxxx xxxx xx xxxx ဒါဆို မကြာမကြာတွေ့ရမယ်´´
ဖျောက် !
``OK .. ငါ အဲဒီအတိုင်း လုပ်လိုက်တော့မယ် ဟီး ဟီး ´´
(၂)
ကျနော်တို့အဖွဲ့ စွယ်တော်ဦးမှာထိုင်နေတုန်း ပြုံးစေ့စေ့နဲ့ အညာသား ရောက်လာပါတယ်။ ခရီးရောက်မဆိုက်ပဲ ..
``ဟားဟား အောင်မြင်သွားပြီကွ ခုဝိုင်းကို ငါရှင်းမယ်ဟေ့ သူငယ်ချင်းတို့ မုန့်ပါ မှာစားကွာ´´
``နေ...နေစမ်းပါဦး မင်းက ဘာတွေများ အောင်မြင်လာလို့လဲဟင်´´
ကျနော်မေးလိုက်ပါမှ အညာသားက ရင်ကိုဖွင့် ခေါင်းကိုမော့ပြီး ....
``ငါ့ကို ဆွေးက သုံးရက်တစ်ကြိမ် တွေ့ခွင့်ပေးလိုက်ပြီကွ´´
``မင်းဘယ်လိုစည်းရုံးလိုက်လဲ ဟင်´´
မယုံမရဲ ကျနော့်စကား။
``အာ..မင်းသင်ပေးတဲ့အတိုင်း ပြောလိုက်တာပေါ့ကွ´´
``အေးပါ..အစအဆုံး လင်းစမ်းပါဦးဟ´´
``ဒီလိုကွာ ငါက ...ဆွေးရယ် ဆွေးနဲ့မတွေ့ရတဲ့ရက်တွေမှာ ကိုယ်အရမ်းလွမ်းနေရတာ..မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတောင် ရိတ်ချင်စိတ်မရှိဘူး ဆွေးနဲ့တွေ့ဖို့ တစ်ပတ်ပြည့်တဲ့နေ့ကျမှကို ရိတ်ဖြစ်တော့တာ...ဆွေးသိတဲ့အတိုင်းပဲလေ.. ကိုယ်က သုံးရက်တစ်ကြိမ်မှ မုတ်ဆိတ်မရိတ်ရင် မျက်နှာတခုလုံး ညစ်ပတ်ပေပွလာအောင်ကို ရှည်လာတော့တာ ...ဒီတော့ဆွေးရယ် နောက်ဆိုရင် မင်းနဲ့တွေ့ပြီးမှ မုတ်ဆိတ်ရိတ်တော့မယ်...
ဒီမှာဆွေး...ကိုယ့်ရဲ့ မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေဟာ မင်းကိုလွမ်းတဲ့ကိုယ့်ရဲ့ လွမ်းသက်သေ ပဲဆွေး အဲဒါကို မင်းမြင်ရစေ့မယ်...
ဆိုပြီး ငါကပြောတော့ ...ကောင်မလေး အတော်စဉ်းစားသွားတယ်ကွ´´
စကားရှည်ကြီးကို မရပ်မနားပြောပြီး ရေနွေးကြမ်းတစ်ခွက် ကောက်မော့နေလိုက်သေးတယ်။ကျနော်တို့ကလည်း သိချင်လှပြီ....
``ဆက်ပါဦး ဟကောင်ရ´´
``အင်း...နောက်တော့ ဆွေးကပြောတယ် ..မောင်ရယ် ကဗျာဆန်လိုက်တာတဲ့... မောင့်ရဲ့ လွမ်းသက်သေကို ဆွေးမြင်ချင်ပါတယ်တဲ့ ဆွေးနဲ့မတွေ့မချင်း မုတ်ဆိတ်မရိတ်ပါနဲ့တဲ့ သုံးရက်တစ်ကြိမ် တွေ့ကြမယ်လေတဲ့ ဟီး ပိုင်တယ်ကွာ´´
ဒီလိုနဲ့ပဲ ကျနော်တို့လည်း မွှေရင်းနှောက်ရင်း၊ မကျင်ပုနဲ့အညာသားလည်း သုံးရက်တစ်ကြိမ် တွေ့ကြရင်း၊ ကျောင်းသားအားလုံးလဲ ဟေးလားဝါးလားလုပ်ရင်း၊ ကျောင်းကြီးကလဲ သူ့နေရာမှာ မိန့်မိန့်ကြီး ရပ်နေရင်းနဲ့ တတိယနှစ်စာမေးပွဲကြီးပြီးလို့ ကိုယ့်ရပ်ဌာနေသို့ အသီးသီး ပြန်ကြပါလေပြီ။
(၃)
ကျောင်းဖွင့်ချိန် ရောက်ပါပြီ။ စတုတ္ထနှစ်ကျောင်းသား ကျနော်တို့လည်း ခွဲခွာခဲ့ရတာကြာပြီဖြစ်တဲ့ ကျောင်းတော်ကြီးဆီ အထုပ်ထမ်းလို့ အသုတ်လှမ်းခဲ့ပါပြီ။ အဆောင်ပေါ်ရောက်လို့ အခန်းတံခါးဖွင့်ဝင်လိုက်တယ်ဆိုရင်ပဲ ကုတင်ပေါ်မှာ ဆောင့်ကြောင့်ကြီးထိုင်ပြီး မီးဝင်းဝင်းတောက်မျက်လုံးတွေနဲ့ ကျနော့်ကို ကြည့်နေတဲ့ ဆာဒူးတစ်ပါးကို တွေ့ရပါတော့တယ်။
``ကဲ...၀င်လာခဲ့စမ်းပါဦး ဆရာကျောင်းဆိုတဲ့အကောင်ရဲ့´´
အမ်! ဆာဒူးမှမဟုတ်ပဲ ဒါ....အညာသားပဲ။မုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေက ရင်ဘတ်ထိနေလို့ မမှတ်မိတာ...။
``ဟာ သူငယ်ချင်း အညာသား မင်းဘယ်လိုဖြစ်..... ....´´
``အေး ငါအညာသားပဲ နင့်ကို သတ်မလို့ စောင့်နေတာ ငကြည်နိုင်´´
``သူငယ်ချင်း မင်း...မင်းမှားမယ်နော်´´
``မမှားဘူးကွ နင်အကြံပေးကောင်းလို့ ခုငါ့မှာ ဒီမုတ်ဆိတ်မွှေး နှုတ်ခမ်းမွှေးတွေနဲ့ ဆေးလိပ်လဲ မသောက်ရ၊ ပဲဟင်းလဲ စားလို့မရ၊ သရက်သီးမှည့်ဆို ဝေးရော...ဟင် ကောင်းကြသေးရဲ့လား´´
``မင်းကလဲကွာ .... ...´´
``မင်းကလည်းကွာ မလုပ်နဲ့ ဆွေးနဲ့မတွေ့မချင်း မရိတ်ပါဘူး လွမ်းသက်သေပါလို့ နင်ပြောခိုင်းခဲ့တာလေ...ခု ကျောင်းပိတ်ရက် နှစ်လသုံးလလုံးလုံး မတွေ့ရတော့ ငါဒုက္ခပတ်ရောလေ ဟင်...အကောင်ရဲ့...နင့်လွမ်းသက်သေက ရိုးရိုးလွမ်းသက်သေမှ မဟုတ်တာ ရှည်လျားတတ်သော လွမ်းသက်သေ ဆိုတော့ ငါ့မှာ အပြင်တောင်မထွက်ရဲဘူး ...သေပေတော့ ငနာကောင် ...´´
ဟုတ်ကဲ့။ ကျနော် ကိုကြည်နိုင့်အဖို့တော့ နောက်ကျတဲ့ခြေထောက် သစ္စာဖေါက်ပေါ့ခင်ဗျာ။
1994 ခုနှစ်လောက်က ဖတ်ဖူးခဲ့တဲ့ ဆရာ နွမ်ဂျာသိုင်းရဲ့ ၀တ္ထုလေးတစ်ပုဒ်ကို မှတ်မိသလိုလေး ပြန်လည်ခံစား ရေးဖွဲ့ကြည့်တာပါ....
ကိုကြည်နိုင်
28.June.2010
